BREAKING
January 10, 2025

စစ်ကောင်စီတပ်စခန်း ၁၀ ကျော်ကို သိမ်းယူထားကြောင်း KIA ပြော

March 8, 2024

ပုံစာ - KIA တပ်ဖွဲ့ဝင်အချို့ (ပုံဟောင်းဖြစ်သည်)

လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေရာတွင် စခန်းအကြီး၊ အငယ် ၁၀ကျော်ကို သိမ်းယူထားနိုင်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာများတွင် ပြောဆိုထားသည်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး၊ မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာတောင်၊ အင်တပ်တောင်၊ ဖုန်ပျံတောင်၊ ဘွမ်ရယ်တောင်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်တောင်၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းအပါအဝင် စခန်းအချို့ကို မတ်လ ၇ရက် နံနက်အစောပိုင်းတွင် KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအထိုင်စခန်းကြီးများဖြစ်သည့် အင်တပ်တောင်၊ ဖုန်ပျံတောင်၊ မလိတပ်စခန်းကြီးနှင့် ဘွမ်ရယ်တောင်၊ ခါရာတောင် တပ်စခန်းကြီးတို့ရှိ ကာကင်းနှင့် ရှေ့တန်းစခန်းတို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

သိမ်းယူထားရာတွင် လက်နက်ကြီးတပ်ဆင်ထားသည့် စခန်းများလည်း ပါဝင်ကြောင်း ဆိုသည်။

စစ်ကောင်စီဘက်က လိုင်ဇာမြို့အနီးကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

အရပ်သားများ လုံခြုံသည့်နေရာသို့ တိမ်းရှောင်ပြီး စားနပ်ရိက္ခာများ စုဆောင်းထားကြရန်လိုကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

အဆိုပါတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် AA ကလည်း KIA နှင့်အတူ ပူးတွဲစစ်ရေးလှုပ်ရှားနေသလို သီးသန့် တာဝန်ယူကာလည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ထားသည်။

မိုးမောက်မြို့နယ်အနီးရှိ စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်း စခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းအား AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းဖြင့်ပါ တစ်ရက်လုံး ပစ်ခတ်တိုက်ခိုက်သောကြောင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီး ထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့် ထိစပ်နေသည့် တရုတ် နယ်စပ်မြို့ဘက် သို့လည်း လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း AA က ဆိုသည်။