မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်အထိ
အာဏာသိမ်းကာလ လေးနှစ်တာမှာ လူခြောက်ထောင်ကျော်သေဆုံး

စစ်အာဏာသိမ်းကာလ လေးနှစ်တာအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ အရပ်သားပြည်သူ ခြောက်ထောင်ကျော် သေဆုံးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရသိရပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး ခုနစ်ရာကျော်ပါဝင်ပြီး အမျိုးသမီး ၁၄၀၀ နီးပါး ပါဝင်တယ်လို့ ဖော်ပြပါတယ်။ ဖမ်းဆီး ခံရသူလည်း နှစ်သောင်းရှစ်ထောင်ကျော်ရှိပြီး အဲဒီထဲက နှစ်သောင်းနှစ်ထောင်နီးပါဟာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံခဲ့ရသူရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ဦးရေတစ်သောင်းနှစ်ရာကျော်ကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ဖော်ပြပါတယ်။
နိုင်ငံတစ်ဝန်း စစ်ဘေးရှောင် ၃ဒသမ ၅သန်းကျော်ရှိပြီလို့ ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။ အာဏာသိမ်းကာလ လေးနှစ်အတွင်း ကရင်နီ (ကယား) မှာ အရပ်သားခုနစ်ရာကျော် သေဆုံးတယ်လို့ ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန် ထားပြီး ချင်းမှာလည်း အရပ်သား ငါးရာနီးပါး သေဆုံးတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
……………………………………..
မြဝတီ၊ တာချီလိတ်၊ ဘုရားသုံးဆူမြို့တွေကို ထိုင်းဘက်က လျှပ်စစ်ဖြတ်

ထိုင်း-မြန်မာနယ်စပ်က မြဝတီ၊ တာချီလိတ်၊ ဘုရားသုံးဆူပါအဝင် မြန်မာဘက်ခြမ်းက နေရာငါးခုကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား၊ လောင်စာဆီတွေ ဖြတ်တောက်လိုက်ပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်တွေဟာ ထိုင်းနိုင်ငံက ပေးထားတဲ့ လျှပ်စစ်ကို အသုံးပြုပြီး လုပ်ငန်းလည်ပတ်နေတာကြောင့် လျှပ်စစ်ဓာတ်အားဖြတ်တောက်ဖို့ ထိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်ပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ ၅ရက် မနက်မှာ စတင်ဖြတ်တောက်ခဲ့တာပါ။
အဲဒီလို ဖြတ်တောက်လိုက်ပြီးနောက်မှာ မြဝတီနဲ့ ဘုရားသုံးဆူမြို့တွေမှာ စက်သုံးဆီ အလုအယက်ဝယ်ကြလို့ စျေးတက်တဲ့ အပြင် ဆီပြတ်လပ်တာတွ ကြုံလာရပါတယ်။ စက်သုံးဆီကို တရုတ်လုပ်ငန်းရှင်တွေက အဓိက ဝယ်ယူနေတာလို့ ဆိုပါတယ်။ ဒါ့အပြင် သောက်ရေ၊ သုံးရေအခက်အခဲတွေလည်း ပြည်သူကြုံနေရပါတယ်။ တာချီလိတ်မှာတော့ လာအိုကနေ လျှပ်စစ် ဝယ်ယူ ရရှိတာကြောင့် မီးပြန်ရနေပြီလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။
အခုလို လျှပ်စစ် ဖြတ်တောက်လိုက်ပေမယ့် ကျားဖြန့်လုပ်ငန်းတွေ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး ထိုင်းရဲ့ လျှပ်စစ်ဖြတ်တောက်မှုဟာ ပြည်သူတွေကိုပဲ ပိုမိုထိခိုက်စေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
……………………………………..
လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ရှစ်ထောင်ကျော်ရှိလာ

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရှစ်ထောင်ကျော် ရှိလာပြီလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်ကနေ ၂၀၂၅ ဇန်ဝါရီလ ၁၅ ရက်အထိ စာရင်းဖြစ်ပါတယ်။ ရှမ်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၇၀၀ ထက်မနည်းရှိပြီး တစ်နိုင်ငံလုံးမှာ အများဆုံး လေကြောင်း တိုက်ခိုက်ခံရတာပါ။ စစ်ကိုင်းတိုင်းကတော့ ဒုတိယအများဆုံးဖြစ်ပြီး အကြိမ်ရေ ၁၃၀၀ ထက်မနည်း ရှိတယ်လို့ ဖော်ပြပါတယ်။ ကရင်ပြည်နယ် ဖာပွန်ကတော့ အကြိမ်ရေ ၇၃၀ ထက်မနည်း တိုက်ခိုက်ခံ ရတာကြောင့် မြို့နယ်ထဲမှာ အများဆုံး မြို့နယ်ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ တပ်စခန်းတွေ မကျရေးအတွက် လေကြောင်းကနေ အသည်းအသန်ခုခံနေသလို လက်လွှတ် ဆုံးရှုံး ထားရတဲ့ နယ်မြေတွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုမြင့်တက်နေပါတယ်။ အခုသီတင်းပတ်အတွင်းမှာလည်း လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အစုလိုက် သေဆုံးမှုတွေရှိနေပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတစ်ခု ဇန်နဝါရီလ ၃၁ရက်မှာ ဗုံးကြဲတိုက် ခိုက်ခံရလို့ ကလေးငယ် တွေ ကိုယ်ဝန်ဆောင်တွေအပါအဝင် လူ ၁၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် အခု သီတင်းပတ်အတွင်း ရှမ်းမြောက်၊ ရှမ်းတောင်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေနဲ့ မြို့သိမ်းတိုက်ပွဲ ပြင်းထန် နေတဲ့ ဗန်းမော်မြို့တွေမှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
……………………………………..
ထိုင်းကို ရွှေ့ပြောင်းနေထိုင်တဲ့ မြန်မာ ၃ဒသမ၇သန်းရှိလာတယ်လို့ ကုလပြော

စီးပွားရေးဆိုးဆိုးဝါးဝါးကျဆင်းတာနဲ့ မလုံခြုံတာတွေကြောင့် မြန်မာ ၃ဒသမ ၇သန်းဟာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။
ဒါဟာ ၂၀၂၃ခုနှစ်အထိ ရွှေ့ပြောင်းသူစာရင်းဖြစ်ပြီး သူတို့ဟာ လုပ်အားခေါင်းပုံဖြတ်တာ၊ အဓမ္မခိုင်းစေတာတွေ ကြုံနေရ တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံထဲမှာ ကျန်ရှိနေတဲ့ လူငယ်တွေဟာလည်း အဓမ္မစစ်မှုထမ်းခိုင်းစေခံရနိုင်တဲ့ အန္တရာယ်နဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ လူငယ်တွေ ထိုင်းအပါအဝင် ပြည်ပသို့ ထွက်ခေါ်မှုမြင့်တက်လာပါ။ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို အဓမ္မစစ်သားစုဆောင်းလာပြီးနောက်မှာ ပြည်ပသို့ ထွက်ခွာမှု ပိုမိုမြင့်တက်သွားပါတယ်။ မြန်မာနိုင်ငံမှာ လူ ၃ဒသမ၅သန်းဟာ စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေ ကြရပြီး နိုင်ငံလူဦးရေရဲ့ ထက်ဝက် နီးပါးဟာလည်း ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာရှိနေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
……………………………………..
ကမ္ဘာမကြေဘူး သီချင်းရေးသူ တေးရေးနိုင်မြန်မာကွယ်လွန်

ရှစ်လေးလုံး အရေးတော်ပုံကာလမှာ ထင်ရှားခဲ့သလို ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားမှုမှာလည်း ထင်ရှားခဲ့တဲ့ ‘ကမ္ဘာမကြေဘူး’ သီချင်းကို ရေးသားခဲ့တဲ့ တေးရေး နိုင်မြန်မာ ဖေဖော်ဝါရီလ ၇ရက်မှာ ကွယ်လွန်သွားပါတယ်။
အသက် ၆၈နှစ်အရွယ် အမည်ရင်း ဦးနိုင်ဦးမြင့်ဖြစ်တဲ့ တေးရေးနိုင်မြန်မာဟာ ရန်ကုန် သန်လျင်မြို့နယ်က နေအိမ်မှာ နှလုံး ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ တေးရေးနိုင်မြန်မာဟာ ဝါဆို၊ အခုတော့ ပါးစပ်ရာဇဝင်လေးတစ်ခုဖြစ်လို့ ကျန်ခဲ့ပြီ၊ တူနှစ်ကိုယ်တိုင်းပြည်၊ အချစ်လူမိုက် အပါအဝင် ထင်ရှားတဲ့ တေးသီချင်းများစွာကို ရေးသားဖန်တီးခဲ့ပါတယ်။
သူရဲ့ သားဖြစ်သူ အဆိုတော်ဗျူဟာ ကတော့ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်ကို ဝေဖန်တာကြောင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရပါတယ်။
……………………………………..
တစ်လအတွင်း စစ်မှုထမ်းအတွက် လူငယ်ရာချီ ဖမ်းဆီးစုဆောင်းခံရ

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရန်ကုန်၊ မန္တလေးနဲ့ ကလေးမြို့တွေမှာ စစ်မှုထမ်းအတွက် လူငယ်ရာနဲ့ချီ ဖမ်းဆီးစုဆောင်း ခံရတယ်လို့ လေ့လာစောင်ကြည့်တဲ့အဖွဲ့တွေက ထုတ်ပြန်ပါတယ်။
မန္တလေးက မြို့နယ် ခုနစ်ခုမှာ လူငယ် ၁၄၀နီးပါးဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးသပိတ်အင်အားစုက ဖေဖော်ဝါရီလ ၂ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာလည်း လူငယ် ၁၈၅ ဦး ထက်မနည်း ဖမ်းဆီးခံရတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၆ရက်မှာ ထုတ်ပြန်ပါတယ်။ ရန်ကုန်မှာတော့ ဇန်နဝါရီလအတွင်း ဖမ်းဆီး ခံရသူ ၄၇၀ ကျော်ရှိပြီး အဲဒီထဲက ၅၈ ဦးပဲ ပြန်လည် လွတ်မြောက်လာတယ်လို့ ရန်ကုန်ကင်းထောက်ကွန်ရက်က ဖေဖော်ဝါရီ လ ၄ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ ဧည့်စာရင်းစစ်ပြီးဖမ်းဆီးတာ၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးဖမ်းဆီးတာ၊ အခြေခံလူတန်းစားတွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ စစ်မှုထမ်းနည်းပဒေကို ပြဋ္ဌာန်းပြီး နောက်မှာ လူငယ်တွေ ပြည်ပထွက်ခွင့် ပိတ်ပင်တာတွေ လုပ်ဆောင်နေပါတယ်။
……………………………………..