BREAKING
February 23, 2025

ရေပိုင်နက်သို့ ကျူးကျော်ဝင်သည်ဆိုကာ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းစစ်တပ်ဖမ်း

February 8, 2025

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ဟုဆိုကာ ကော့သောင်းဘက်က မြန်မာလှေတစ်စီးကို ထိုင်းတော်ဝင်ရေတပ်က ဖမ်းဆီးကြောင်း အမှတ် (၃) တော်ဝင်ရေတပ်၏ ထုတ်ပြန်ချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

တရားမဝင် ငါးဖမ်းနေသည်ဟု ယူဆရသော ငါးဖမ်းလှေနှစ်စီးသည် ဖေဖော်ဝါရီလ ၇ ရက် ညတွင် ရနောင်းရေပိုင်နက်ထဲ ရှိနေပြီး ခန်းခေါင်ကျွန်းအနီး ရပ်နားထားသည်ကို ဖန်ငရေဒါစခန်းက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရေဒါတွင် ပေါ်နေသည့်နေရာသို့ အမှတ် ၃ ထိုင်းတော်ဝင်ရေတပ်က သွားရောက်စစ်ဆေးရာ ထိုင်းရေပိုင်နက်ထဲတွင် ငါးဖမ်းလှေနှစ်စီးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ယင်းအနက်တစ်စီးမှာ ကော့သောင်းဘက်ကလာသော မြန်မာငါးဖမ်းလှေဖြစ်ပြီး လှေပေါ်တွင် မြန်မာလှေဦးစီးနှင့် ရေလုပ်သား ကိုးဦးကို တွေ့ရှိခဲ့ကြောင်း၊ အားလုံးတွင် မြန်မာမှတ်ပုံတင်ကလွဲ၍ ထိုင်းသို့ ဝင်ရောက်ခွင့် စာရွက်စာတမ်းမရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

နောက်ထပ်လှေတစ်စီးသည် အလံမစိုက်ထားသော ထိုင်းငါးဖမ်းလှေဖြစ်ပြီး လှေပေါ်တွင် ထိုင်းလှေဦးစီးတစ်ဦးနှင့် မြန်မာရေလုပ်သား သုံး ဦးကို တွေ့ရှိခဲ့ကြောင်း ရေးသားထားသည်။

လှေပေါ်တွင် ဒီဇယ် ၂၀၀ လီတာပါ စည်ပုံး ရှစ်ပုံးကိုလည်း တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

လှေများကို ရနောင်းလှေဆိပ်တွင် ကျောက်ချရပ်နားစေပြီး မြန်မာရေလုပ်သား ၁၃ ဦးနှင့် ထိုင်းတစ်ဦးတို့ကို ပါနန်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

တရားမဝင် ပိုင်နက်ကျူးလွန်ဝင်ရောက်လာမှု အပါအဝင် အမှု ၅ မှုဖြင့် မြန်မာရေလုပ်သားများကို တရားစွဲထားကြောင်း ဆိုသည်။

Ref: MGR Online, Komchadluek, New 1, Khaosodqmds