ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမတ်ကျေးရွာအနီးရှိ ဆီအုန်းခြံအတွင်း ပုန်းအောင်းနေသည့် ရိုဟင်ဂျာ ၆၀ နီးပါးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၅ ရက်တွင် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရိုဟင်ဂျာအမျိုးသားနှင့် အမျိုးသမီး ၆၀နီးပါးသည် ရခိုင်ပြည်နယ်မှ လာကြသူများဖြစ်ပြီး ဘုတ်ပြင်းမြို့နယ်မှတစ်ဆင့် ထိုင်းဘက်ခြမ်းကို ထပ်သွားမည့်သူများဟုကြားသိရကြောင်း ကိုယ်တိုင်သွားကြည့်ခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
၎င်းတို့သည့် ကုန်းလမ်းခရီးဖြင့် လာကြပြီးနောက် ထောင်ခမတ်ကျေးရွာရှိ ဆီအုန်းတောအတွင်း ပုန်းအောင်နေခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးရာတွင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသားခြောက်ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရသွားကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။
“အားလုံးနီးပါး မြန်မာလိုကောင်းကောင်းတောင် မပြောတတ်ကြဘူး။ မေးရင်လည်း ဘာမှပြန်မဖြေတတ်ကြဘူး။ ဒဏ်ရာရတဲ့သူတွေကတော့ ဒဏ်ရာတော်တော်ပြင်းတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဒဏ်ရာရသွားသူများကို ဘုတ်ပြင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဒဏ်ရာမရဘဲ ကျန်ရှိသည့် ရိုဟင်ဂျာများကိုမူ မြို့နယ်အားကစားရုံတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဘုတ်ပြင်းမြို့နယ် ထောင်ခမတ်ရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။
“သူတို့ ဒီကို ဘယ်လို ရောက်လာကြတယ်ဆိုတာကိုတော့ ဘယ်သူမှအတိအကျမသိဘူး။ အားလုံးအယောက် ၆၀ကျော်တယ်။ မိန်းမရော၊ ယောကျာ်းရော ကားနှစ်စီးစာလောက်တော့ရှိတယ်” ဟု ၎င်းက ပြောသည်။
ရိုဟင်ဂျာများသည် အများအားဖြင့် ထိုင်းနိုင်ငံကို လမ်းကြောင်းတစ်ခုအဖြစ်သုံးကာ မလေးရှားနိုင်ငံသို့ ဆက်လက်သွားရောက်လေ့ရှိသည်။
လက်ရှိတွင် တနင်္သာရီတိုင်းမှ ထိုင်းနယ်စပ်သို့သွားသည့် ထားဝယ်-ထီးခီးလမ်းနှင့် တနင်္သာရီ-မောတောင်လမ်းကို တော်လှန်ရေးတပ်များက ဖြတ်သန်းခွင့်ပိတ်ထားသည်။