BREAKING
September 19, 2024

နိုင်ငံ့ဝန်ထမ်း ဖဲကြိုးနီလှုပ်ရှားမှု

February 8, 2021

စစ်တပ်ကအာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသည့် ဖဲကြိုးနီလှုပ်ရှားမှုတွင် တစ်နိုင်ငံလုံးရှိ အစိုးရဌာနဆိုင်ရာတို့နှင့်အတူ တနင်္သာရီ တိုင်းက အစိုးရဌာနဆိုင်ရာတို့နှင့် တက္ကသိုလ် အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

အထူးသဖြင့် ကျန်းမာရေးဝန်ထမ်း များဖြစ်ကြသည့် လက်ထောက်ဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးအချို့၊ သူနာပြုများနှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းအချို့တို့က ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။

ထားဝယ်၊ ကော့သောင်းရှိ လက် ထောက်ဆရာဝန်များနှင့် အထူးကု ဆရာဝန်ကြီးအချို့၊ ထားဝယ်ဆေးရုံရှိ သူနာပြုများ၊ ၁၆ ကုတင်ဆံ့ ထားဝယ် တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူးတို့သည် အာဏာသိမ်း စစ်အစိုးရလက်အောင်တွင် အလုပ်တာဝန် ဆက်မလုပ်နိုင်တော့ကြောင်း ရေးသားထားသည့် ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ခဲ့သည်။

“ကျွန်မလည်းဘာကြောင့်မှန်းတော့ သေချာမပြောတတ်ဘူး။ ဒီနေ့ ဆရာမတွေ အရင်တုန်းကလို မရှိနေတာတော့ အမှန်ပဲ” ဟု အသက် ၄၀ ကျော်အရွယ် လူနာစောင့်အမျိုးသမီးတစ်ဦးက ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောဆိုသည်။

ဖဲကြိုးနီလှုပ်ရှားမှု

၁၆ ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူးသုံးဦးမှာ အာဏာသိမ်းအစိုးရလက်အောက်တွင် တာဝန်မထမ်းဆောင်နိုင်ကြောင်း ဖေဖော်ဝါရီလ ၂ ရက် ထုတ်ပြန်ခဲ့ပြီး ပြည်သူများ၏ ကျန်းမာရေးကို ထောက်ထားပြီး နောက်တစ်နေ့တွင် တာဝန်များ ပြန်လည်ထမ်းဆောင်နေကြောင်း ပြောဆိုသည်။

“ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်နေတဲ့ ဝန်ထမ်းဖြစ်တဲ့အတွက် ပြည်သူတွေမျက်နှာကိုကြည့် ပြီးတော့ အလုပ်ပြန်တက်တာ။ တကယ်တမ်းကျတော့ ဒီဟာကို ရှုတ်ချလို့ စာထုတ်ထားတာလေ။ ဒါသည် သူတို့ရဲ့ အမိန့်ကို နာခံလိုက်တာမဟုတ်ဘူး” ဟု လက်ထောက်တိုင်းရင်းဆေးမှူးတစ်ဦးက ဆိုသည်။

ဆယ်ပေါင်းများစွာသော ပညာရေး ဝန်ထမ်းနှင့် အခြားဌာနဆိုင်ရာအချို့ကလည်း အာဏာသိမ်းတပ်မတော်အစိုးရလက်အောက်တွင် တာဝန်မထမ်းဆောင်လိုကြောင်း သဘောထား ထုတ်ပြန်ထားကြသည်။

လက်ရှိဌာနဆိုင်ရာများ၏ ဆန္ဒပြ လှုပ်ရှားမှုတွင် ဖဲကြိုးနီလှုပ်ရှားမှုနှင့် တပ်အစိုးရလက်အောက်တွင် တာဝန် မထမ်းဆောင်ရေးလှုပ်ရှားမှုဟု ပုံစံနှစ်မျိုးဖြင့် ဆန္ဒထုတ်ဖော်နေပြီး ယင်းပုံစံနှစ်မျိုးမှာ တစ်ခုနှင့်တစ်ခု အဓိပ္ပာယ်မတူ ညီကြပေ။