ကော်သူးလေတပ်မတော် (KTLA) မှ တပ်ဖွဲ့ဝင် ၂၀ကျော် နုတ်ထွက်သွားပြီး တပ်ဖွဲ့ဝင်အချို့မှာ KNU/KNLA ထံ လာရောက်ပူးပေါင်းကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) နှင့် KTLA တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ရက်တွင် KTLA တပ်ဖွဲ့ဝင်တစ်ဦး၊ ဒီဇင်ဘာလ ၂၄ရက်တွင် KTLA တပ်ဖွဲ့ဝင် အခြားငါးဦး လက်နက် တစ်လက်ဖြင့် လာရောက်ပူးပေါင်းကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ယင်းအပြင် ဒီဇင်ဘာလ ၂၇ရက်တွင်လည်း KTLA တပ်ဖွဲ့ဝင်လေးဦး ထပ်မံပူးပေါင်းကြောင်း ၎င်းက ဆိုသည်။
“KTLA အဖွဲ့ဝင်တွေ ကျွန်တော်တို့ဆီကို မနည်းဘူး ပြန်လာပူးပေါင်းတာရှိတယ်။ လက်နက်ပြန်ချတာလည်းရှိတယ်” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဒုတပ်ခွဲ့မှူးတစ်ဦးဖြစ်သည့် စောဂျိုးကို KTLA က သတ်ဖြတ် ပြီးနောက် KTLA တပ်စခန်းငါးခုကို ဒီဇင်ဘာလ ၁၉ရက်တွင် KNLA က တိုက်ခိုက်သိမ်းယူခဲ့သည်။ ယင်းသို့ သိမ်းယူရာတွင် KTLA က ဗိုလ်မြတ်သူဦးဆောင်သည့် အဖွဲ့အပါအဝင် တပ်ဖွဲ့ဝင် ၂၇ ဦးကို KLNA က ဖမ်းမိခဲ့သည်။
ဗိုလ်မြတ်သူဦးဆောင်သည့် ၁၃ ဦးအဖွဲ့သည် ၂၀၂၄ ခုနှစ်က KNU/KNLA ဦးဆောင်သည့် တိုက်ပွဲများတွင် ပူးပေါင်းခဲ့သည့် အဖွဲ့ဖြစ်သဖြင့် လက်နက်များနှင့်အတူ KNLA က ပြန်လွှတ်ပေးလိုက်ပြီး ကျန်တပ်ဖွဲ့ဝင် ၁၄ဦးကိုမူ ဖမ်းဆီးထားကြောင်း KNU/KNLA ထံမှ သိရသည်။
ယင်းနောက် ဗိုလ်မြတ်သူ ဦးဆောင်သည့်အဖွဲ့သည် ကော်သူးလေတပ်မတော် KTLA ထံ နုတ်ထွက်စာတင်ခဲ့ပြီး လက်ရှိတွင် Local PDF အဖြစ် သီးခြားရပ်တည်တော့မည်ဖြစ်ကြောင်း ကာယကံရှင် ဗိုလ်မြတ်သူက ပြောသည်။
အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် ဗိုလ်မြတ်သူနှင့်အဖွဲ့သည် စစ်သင်တန်များတက်ရောက်ကာ တော်လှန်ရေးလုပ်ခဲ့ပြီး နောက်ပိုင်းတွင် တော်လှန်ရေးလုပ်ငန်းများ ထိထိရောက်ရောက်လုပ်နိုင်ရန် KTLA နှင့် ပူးပေါင်းခဲ့ကြောင်း KTLA ဆာကဆောတပ်မ တပ်ရင်း (၂) တပ်ခွဲ(၂) တွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းခဲ့သည့် ၎င်းက ဆိုသည်။
“ကျွန်တော်တို့ကတော့ နှစ်ဦးနှစ်ဖက်စလုံးနဲ့ အားလုံးလွတ်အောင်လို့ Local PDF အနေနဲ့ဆက်ပြီး သွားဖို့ရှိတယ်။ တော်လှန်ရေးက ချိတ်ပြီးသွားရမှာလေ။ ဘယ်သူနဲ့မှ ရန်သူဖြစ်ပြီး သွားလို့ မရဘဲ။ နှစ်ဦးနှစ်ဖက်ကြားမှာ ကျွန်တော်တို့ ကြားညှပ်ခံလို့ မရဘူးလေ” ဟု ဗိုလ်မြတ်သူက ပြောဆိုသည်။
ယင်းအပြင် KTLA တပ်မဟာတွင် တပ်ခွဲမှူးအဖြစ်တာဝန်ထမ်းဆောင်နေသည့် ကိုရဲ (ခေါ်) ဗိုလ်တေဇကလည်း KTLA မှ တရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၆ ရက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
KTLA ထံမှ နုတ်ထွက်မှုနှင့်ပတ်သက်ပြီး ကိုရဲကို Dawei Watch က ဖုန်းနှင့် လူမှုကွန်ရက်စာမျက်နှာတို့မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။
ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့ဝင်များ နုတ်ထွက်ခြင်း၊ သီးခြားရပ်တည်ခြင်း၊ KNU/KNLA ထံ ပူးပေါင်းခြင်းတို့နှင့် ပတ်သက်၍ KTLA ဆာကဆောတပ်မဟာ တပ်မမှူး ဗိုလ်အယ်ခွီးကို မေးမြန်းရန် Dawei Watch က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။
KNLA ၏ ဒုတပ်ခွဲ့မှူးတစ်ဦးဖြစ်သည့် စောဂျိုး သတ်ဖြတ်ခံရပြီးနောက် ထားဝယ်အရှေ့တောဒေသတွင် KNLA နှင့် KTLA တို့ ကြား နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည်။