ထိုင်းနိုင်ငံတွင်ရှိသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန်အတွက် အမည်စာရင်းတင်သွင်းခွင့် ပြုခဲ့သည်။
ဆေးရုံတွင် သွေးစစ်ခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ် (work permit) အတွက် ငွေသွင်းခြင်းများကို ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့မတိုင်ခင် အပြီးလုပ်ရမည်ဖြစ်ပြီး ထိုင်းလဝကတွင် လက်ဗွေနှိပ်ခြင်း အချက်အလက်သွင်းခြင်းများကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မတိုင်ခင် နောက်ဆုံးထား ပြုလုပ်ကြရမည်ဖြစ်သည်။
အလုပ်လုပ်ခွင့်လက်မှတ် (work permit) ရရှိလာပြီးသူများက ထိုင်းနိုင်ငံအတွင်း ၂၀၂၆ ခုနှစ် မတ်လ ၃၁ နေ့အထိ တရားဝင် နေထိုင်အလုပ်လုပ်ခွင့် ရရှိမည်ဖြစ်သည်။
လက်ရှိတွင် ပန်းရောင်ဘတ်တင်ထားသူများမှာ နာမည်စာရင်း ကျနေကြပြီဖြစ်သော်လည်း လုပ်ဆောင်ခွင့် မရှိသည့်အချက်များစွာ ရှိနေသေးသည်။
သို့သော်အများစုမှာ အမည်စာရင်းကျပြီးပါက ပေါ်ပေါ်တင်တင် သွားလာနေထိုင်နိုင်မည်ဟု အထင်ရှိကြသလို တရားဝင်ဖြစ်သွားပြီဟု ဆိုကြသူများလည်းရှိသည်။
ယင်းကြောင့် ပန်းရောင်ဘတ်ရိုက်မှု လုပ်ငန်းစဉ်များနှင့် သတိပြုရမည့် အချက်များကို သိရှိနိုင်ရန် မဟာချိုင်အခြေစိုက် Labour Rights Foundation အဖွဲ့၏ စည်းရုံးရေးတာဝန်ခံ ကိုဇော်နှင့် တွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက်ပါသည်။
DW ။ ပန်းရောက်ဘတ် စတင်ပြုလုပ်နေတဲ့အချိန် ပထမဆုံးထွက်လာတဲ့ Name List စာရွက်ဆိုတာ ဘာလဲ။ ဒီစာရွက်ရလာတာနဲ့ အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင် အလုပ်လုပ်ခွင့် ရပြီလား။
ဖြေ ။ Name List ဆိုတာ (အစိုးရဆီမှာ) စာရင်းတင်ထားတယ်လို့ ပြောလို့ရတယ်။ အလုပ်လုပ်ခွင့် မရသေးဘူး။ နေထိုင်ခွင့်ပဲ ရှိသေးတယ်။ ဒါပြီးရင် သွေးစစ် ကျန်းမာရေးစစ်ပြီးတာနဲ့ တောမောရုံး (လဝကရုံး) ကိုသွားပြီး လက်ဗွေသွားနှိပ်ရမယ်။ အဲဒါဆိုရင်တော့ နေထိုင်ခွင့် အပြည့်အစုံရပြီပေါ့နော်။ အလုပ်လုပ်ခွင့်ကတော့ work permit စာရွက်ဆိုတဲ့ ဘိုင်အနုမတ်ဆိုတာ သွားတင်ပြီးမှသာ အလုပ်လုပ်ခွင့်ရမယ်ပေါ့နော်။ Name List စာရွက်ဆိုတာက စာရင်းတင်ထားတယ်ဆိုရုံပဲ သုံးလို့ ရသေးတယ်။ ကျွန်တော်တို့ စာရင်းတင်ထားတယ်ဆိုတာကို နိုင်ငံတော်က အသိအမှတ်ပြုထားတယ်ဆိုတဲ့ အဆင့်ပဲရှိသေးတယ်။ လုပ်ငန်းစဉ်က မပြီးပြတ်သေးတဲ့ အခါကျတော့ အလုပ်လုပ်လို့ မရသေးဘူး။
DW ။ အလုပ်သမားတွေက Name List စာရွက်၊ Work Permit စာရွက်တွေကို ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံထဲမှာ နယ်ကျော်သွားလာခွင့် ခရိုင်ကျော်ပြီး ခရီးသွားခွင့် ရပြီလား။
ဖြေ ။ မပေးသေးဘူး။ မပေးသေးဘူး။ နယ်ကျော်ခွင့်တော့ မရဘူး။ ယခုဒီနှစ် သိရတဲ့ အထဲမှာ နယ်ကျော်ခွင့် ခရီးသွားလာလို့ ရတယ်ဆိုတာ မပြောထားဘူး။ (Work Permit စာရွက်ကတော့) ဒီတစ်နှစ်ကတော့ ကျွန်တော်တို့လည်း တိတိကျကျမသိရသေးဘူးပေါ့နော်။ လက်ဗွေနှိပ်ပြီးပြီဆိုရင်တော့ နေထိုင်ခွင့်ရမယ်။ ပတ်စ်ပိုစ့်၊ CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) စာအုပ် တစ်ခုခုရမှာသာလျှင် သွားလာခွင့် ရမယ်။ ဟိုးအရင်တုန်းက ပန်းရောင်ဘတ် တစ်ခုတည်းနဲ့ဆိုရင် ပတ်စ်ပိုစ့်၊ CI စာအုပ်မရှိဘူးဆိုရင် နယ်ကျော်သွားလာခွင့် မပေးထားဘူး ယခင်တုန်းကပေါ့။ နောက်မှ စာအုပ်တွေ ထွက်လာပြီးတဲ့အချိန်ကျမှ စာအုပ်တွေထဲ ဗီဇာတွေ ထည့်ပြီးတဲ့အချိန်ကျမှပဲ သွားလာခွင့်ပေးထားတယ်။ သူတို့ပြောထားတာက မြန်မာလိုဆို နိုင်ငံကူးလက်မှတ် ထိုင်းလိုဆို နန်းစူဒေထမ် “หนังสือเดินทาง” ဆိုတဲ့ ခရီးသွားလာခွင့်စာအုပ်လိုပေါ့။ သူတို့က အဲလိုမျိုးရှိတယ်။
DW ။ Name List စာရွက်၊ Work Permit စာရွက်တွေနဲ့ ခရိုင်ကျော်ပြီး သွားလို့ လုံးဝ မရနိုင်ဘူးလား။ တကယ်လို့ အရေးကြီးကိစ္စရှိလို့ သွားမှ ရမယ်ဆိုရင်တောင် သွားခွင့်မရှိဘူးလား။
ဖြေ ။ ပြီးခဲ့တဲ့အချိန်တုန်းက ပန်းရောင်ဘတ်တစ်ခုတည်း ရှိတဲ့ အချိန် ခရီးသွားလာမယ်ဆိုရင် အရေးပေါ် ဆေးရုံချိန်းတာပဲဖြစ်ဖြစ်၊ တရားရုံးချိန်းတဲ့ အချိန်ကလွဲရင် ကျန်တဲ့အချိန် ခရီးသွားလာခွင့်မပေးဘူး။ ဒါပေမဲ့ နောက်ပိုင်းဖြစ်လာတဲ့ Name List တွေထွက်လာတယ် စာရွက်တွေ ရလာပြီး ဗီဇာတုံးထုလို့ ရလာတော့ စာရွက်စာတမ်းကိစ္စကို အဲလောက်အထိ မတားမြစ်ထားတော့ဘူး။ အဲလိုဗီဇာရှိမှ ခရီးသွားတာမျိုးဆိုရင် ပိုပြီးတော့ လုံခြုံစိတ်ချရတာပေါ့။
DW ။ တရားဝင် နယ်ကျော် ခရီးသွားလာနိုင်ဖို့ဆိုရင် ဘယ်အဆင့်တွေအထိ ဆောင်ရွက်ရမလဲ။
ဖြေ ။ ယခု စက်တင်ဘာ ၂၄ က ကြေညာချက်ထုတ်ပြန်ထားတာက Name List တင်ရမယ်၊ work permit လျှောက်ရမယ် ဆိုပြီး ပြောထားတယ်။ ဘယ်နေ့ ဘယ်အချိန်တွင်းမှာ ဗီဇာတုံးထုရမယ်ဆိုတာမျိုး မပါထားဘူး။ သူပြောထားတာက ဒီဇင်ဘာ ၁၅ ကနေ ၃၀ ကြား စာရင်းတင်ရမယ်။ တစ်လပိုင်းရောက်တာနဲ့ ကျန်းမာရေး ဆေးစစ်ရမယ်။ ၃ လပိုင်း ၃၀ ရက်နေ့ကို Work Permit အပြီးထုတ်ရမယ်။ နောက်ဆက်တွဲအနေနဲ့ စာအုပ်ထဲ ဗီဇာတုံးထုရမယ်၊ CI စာအုပ်တွေထဲ ဗီဇာထုရမယ်ဆိုတဲ့ စကားလုံးတော့ မပါသေးဘူး။ ကြေညာချက်ထဲ မပါသေးဘူးဆိုတော့ ဒီနှစ်လုပ်တဲ့သူတွေကို ဗီဇာတုံးကို ထုပေးလား မထုပေးဘူးလားဆိုတာ တောမောရုံး (လဝက) မှာ စုံစမ်းသိရသလောက် တိတိကျကျ မသိရသေးဘူး။ လောလောဆယ်မှာ လက်ဗွေနှိပ်တာပဲ ရှိနေသေးတယ်။ တရားဝင် စာအုပ်နဲ့ ဗီဇာရတဲ့ အဆင့်မှပဲ လွတ်လွတ်လပ်လပ် သွားလို့ရမယ်ဆိုတာမျိုးပေါ့။
DW ။ Name List စာရွက်၊ Work Permit စာရွက်တွေက အလုပ်သမားတွေအတွက် ဘယ်လောက်အထိ အရေးကြီးလဲ။
ဖြေ ။ စာရွက်စာတမ်းတွေက ထိုင်းမှာ လက်ရှိ ရှိနေတဲ့အချိန် လုံးဝ အရေးကြီးတယ်။ လုံးဝ ပျောက်ပျက်လို့ မရဘူး။ ဘာဖြစ်လို့လဲဆို ဒီစာရွက်စာတမ်းတွေက လွယ်လွယ်ကူကူ ရထားတဲ့အရာလည်း မဟုတ်ဘူး။ မိတ္တူတွေနဲ့ ပွားထားပေးဖို့ လိုအပ်တယ်။ ဗီဇာကိစ္စဆိုရင်လည်း လက်ဗွေသွားနှိပ်လိုက်ပြီဆိုရင် အဲဒီစာရွက်ထဲမှာ လက်ဗွေနှိပ်ထားတဲ့အကြောင်း တံဆိပ်တုံးထုထားပေးတယ်။ အဲဒီထုထားပေးတဲ့စာရွက်ကိုလည်း မိတ္တူတွေနဲ့ သိမ်းဆည်းထားရမယ်။ နောက်တချက်က ကျဟာငန် (အလုပ်သမားရုံး) က စာရွက်တွေ ထွက်လာပြီဆိုရင်လည်း စနစ်တကျ မိတ္တူကူးထားပေးဖို့လိုတယ်။ နောက်ဆုံးအဆင့်ကတော့ ပန်းရောင်ဘတ်ထုတ်ရင်လည်း ပန်းရောင်ဘတ်ကို စနစ်တကျ မိတ္တူတွေ ကူးထားဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆို ပျောက်ပျက်သွားရင် အသစ်ပြန်လုပ်ဖို့ မလွယ်ဘူး။ ထိုင်းနိုင်ငံက တစ်နှစ်နေလို့မှ တစ်ကြိမ် စာရင်းတင်ဖို့ ဖွင့်ချင်မှ ဖွင့်တာ။ သူတို့ မဖွင့်ချင်ဘူးဆိုရင်လည်း ကျွန်တော်တို့ ဘာမှ လုပ်လို့တော့ မရဘူး။ တကယ်လို့ အဲလို စာရွက်စာတမ်း မိတ္တူတွေသာ ရှိနေရင် ပန်းရောင်ဘတ်တွေ ပျောက်သွားရင် ရဲစခန်းမှာ အပျောက် တိုင်ချက်ဖွင့်ပြီးရင် မြို့နယ်ရုံးမှာ ပန်းရောင်ဘတ်ကို ပြန်ထုတ်လို့ ရတယ်။
DW ။ ပန်းရောင်ဘတ်လုပ်တဲ့အချိန် အဆင့်တွေက များနေလို့ အလုပ်သမားတွေက ဘာတွေ နားလည်သိထားဖို့ လိုအပ်လဲ။ ဘယ်လိုအချက်တွေကို သတိထားဆင်ခြင်သင့်လဲ။
ဖြေ ။ လုပ်ငန်းစဉ်ကို နားလည်ထားရမှာက နံပါတ်တစ် Name List တင်ရမယ်။ နံပါတ်နှစ် ကျန်းမာရေး စစ်ဆေးရမယ်။ နံပါတ်သုံး တောမော (လဝက) မှာ လက်ဗွေသွားနှိပ်ရမယ်။ လက်ဗွေနှိပ်ပြီးပြီဆိုရင် နံပါတ်လေးအဆင့်က ကျဟာငန် (အလုပ်သမားရုံး) မှာ အလုပ်လုပ်ခွင့် လျှောက်ထားရမယ်။ အလုပ်လုပ်ခွင့် လျှောက်ပြီးပြီဆိုရင် အလုပ်က ရသွားပြီး။ သူဌေးလည်း ရှိသွားပြီဆိုတော့ ပန်းရောင်ဘတ် လျှောက်လို့ရပြီ။ အဲဒီလုပ်ငန်းစဉ်တွေ ပြီးမှသာလျှင် လုပ်ငန်းစဉ်က ပြီးဆုံးတယ်လို့ မှတ်ရမယ်။ ဒီကြားထဲမှာ သတိထားရမှာက အချို့သော ပွဲစားတွေ အေဂျင်စီတွေက အချို့လုပ်ငန်းစဉ်တွေ မပြီးသေးခင် သူတို့ ယူထားတဲ့ ပိုက်ဆံတွေကို ယူသွားပြီးတော့ တိမ်းရှောင်သွားတဲ့ ပုံစံမျိုးတွေ ဖြစ်လာမှာကိုတော့ စောင့်ကြည့်နေရမယ်ပေါ့နော်။ ဒါကို အထူးသတိထားဖို့ လိုအပ်တယ်။ ဒီလို လုပ်ငန်းစဉ်တွေကို သိထားပြီးပြီဆိုရင် တကယ်လို့ ကိုယ့်လုပ်ငန်းစဉ်က မပြီးသေးဘူးဆိုရင် မပြီးသေးဘူးဆိုတဲ့အကြောင်း ပွဲစားကို ပြောပြဖို့ လိုတာပေါ့။
DW ။ Name List စာရွက်တွေထွက်လာတာနဲ့ ခရီးသွားလို့ ရနေပြီလို့ ပြောဆိုနေတဲ့အပေါ်မှာ ဘာတွေကို သတိပေးပြောကြားချင်လဲ။
ဖြေ ။ အစိုးရဌာနက ပြောတာက Name List စာရွက်ဆိုတာ ရိုးရိုးစာရွက်တစ်ခုပဲ ရှိသေးတယ်ပေါ့နော်။ လုပ်ငန်းစဉ်က မပြီးသေးဘူးဆိုတဲ့အတွက်ကြောင့် Name List စာရွက်ဆိုတာ ၁၀၀ ရာခိုင်နှုန်း လွတ်လပ်ခွင့်ရှိသွားပြီဆိုတဲ့ ပုံစံမျိုးတော့ မဟုတ်သေးဘူး။ လုပ်ငန်းစဉ်တွေ ပြီးသွားပြီ ပန်းရောက်ဘတ်တွေ ပြီးသွားပြီဆိုရင်တောင်မှ ပြင်ပခရိုင်တွေကို ခရီးသွားလာခွင့် ပေးထားသလား မပေးထားဘူးလားဆိုတာ အတိအကျသိရအောင် လေ့လာရဦးမှာပေါ့နော်။ မိမိခရိုင်ထဲဆိုရင်တော့ သိပ်ပြီးတော့ ပြဿနာမရှိသေးပါဘူး။ တကယ်လို့ စစ်ဆေးဖမ်းဆီးမှုတွေ ရှိလာတဲ့အခါကျရင် ကိုယ့်ဆက်သွယ်ထားတဲ့ ပွဲစား၊ အေဂျင်စီကိုပဲ ပြန်ပြီး ဆက်သွယ်ပြီးတော့ ပြန်ပြီး ဖြေရှင်းလို့ ရမယ်ပေါ့နော်။ တကယ်လို့များ အခြားခရိုင်တွေကို ရောက်သွားလို့ စစ်ဆေးမှုတွေ ဖြစ်လာခဲ့ရင် ပြဿနာရှိတာပေါ့။