BREAKING
January 9, 2025

ကျောက်နီမော်တိုက်ပွဲအတွင်း အိမ်ခြေ ၂၅၀ ခန့် မီးလောင်ပြာကျ

January 8, 2025

ဓာတ်ပုံ - They Zaw Myat Facebook

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂၅၀ခန့် မီးလောင်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ရက်မှစ၍ လေးရက်ကြာ ဖြစ်ပွားခဲ့သည့် ကျောက်နီမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေတို့က ပစ်ကူပေးသည့် လက်နက်ကြီးကျည်များ၊ ဗုံးများသည် ကျောက်နီမော်ရွာအတွင်း ကျရောက် ပေါက်ကွဲပြီး မီးလောင်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့က မီးခိုးလုံးကြီးတွေကို မြင်နေရတယ်။ ဘာမှမတတ်နိုင်ဘူး။ ထိုင်ကြည့်နေရတာပေါ့” ဟု ကျောက်နီမော် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲ မဖြစ်တော့ချိန်တွင် ဒေသခံရွာသားများ ရွာသို့ ပြန်လည် ဝင်ရောက်ကြည့်ရှုခဲ့ကြပြီး မီးလောင်ထားသည့် အိမ်အရေအတွက်မှာ ၂၅၀ ခန့်ရှိနိုင်ကြောင်း ဒေသခံအချိုက ပြောဆိုကြသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းရလဒ်အရ ကျောက်နီမော်ရွာတွင် နေအိမ် ငါးရာကျော်ရှိနေပြီး လက်ရှိတွင် ၂၅၀ ခန့် မီးလောင်ပျက်စီးသဖြင့် ကျေးရွာရှိ နေအိမ်ထက်ဝက်ခန့် ပျက်စီးဆုံးရှုံးခြင်းဖြစ်သည်။

“ရွာထဲမှာတော့ နေရာတိုင်းကြည့်လိုက်ရင် (မီးလောင်ထားတဲ့ ငုတ်တိုတွေက) မဲမဲသဲသဲ ဇွန်ဘီတွေလိုပဲ၊ အပုပ်နံတွေလည်း ရနေတယ်။ လူပဲသေနေသလား မသိဘူး။ ရွာပျက်ကြီးဖြစ်နေပြီ။ လမ်းမှာသစ်ပင်တွေလည်း မီးလောင်ပြီး ကန့်လန့်ခံ လိုခံ” ဟု ယခုရက်ပိုင်း ရွာသို့ သွားရောက်ပြီး အဝတ်အစားသွားယူခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံအများစုမှာ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြရာ ‌ထားဝယ်ဒေသ၏ ရေထွက်ကုန် အဓိက တင်ပို့သည့်ကျေးရွာတစ်ရွာလည်းဖြစ်သည်။ လက်ရှိတွင် ငါးဖမ်းလှေများလည်း မီးလောင် ပျက်စီးကြောင်း ဒေသခံအချို့က ဆိုသည်။

“ကမ်းနားမှာထားတဲ့ မီးထွန်းလှေတွေ ပါသွားတယ်။ တချို့ဆို မီးလောင်သွားတာ အိမ်ရော၊ လှေရော မရှိတော့ဘူး” ဟု အထက်ပါဒေသခံအမျိုးသမီးက ပြောသည်။

ကျောက်နီမော်ရွာ အခြေပြု လှေဝင်လှေထွက်ပြုနေသည့် ငါးဖမ်းလှေအများစုမှာ တိုက်ပွဲဖြစ်ပြီးနောက်တွင် ကျောက်နီမော် ကျေးရွာတွင် လှေဝင်လှေထွက် မလုပ်ကြတော့ဘဲ အခြားဒေသများသို့ ပြောင်းရွှေ့သွားခဲ့ကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောက်နီမော်ရွာဒေသခံများ စစ်ဘေးရှောင်နေကြရပြီး ဆက်လက်၍လည်း ရက်ရှည်စစ်ဘေးရှောင်ရနိုင်သဖြင့် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးများ လိုအပ်မှု မြင့်မားလာကြောင်း စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်သူတစ်ဦးက ပြောသည်။

“အခုကျွန်တော်တို့ဘက်မှာ စစ်ဘေးရှောင် ၂၀၀ လောက်ရှိတယ်။ အခု အရေးပေါ်လိုအပ်နေတာက တာလပတ်ပဲ။ ဆန်နဲ့ ရိက္ခာက အခုလောလောဆယ်အတွက် ဖူလုံနေသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကျောက်နီမော်ရွာတွင်နေထိုင်သည့်လူဦးရေ ၂၀၀၀ကျော် ရှိသည်။