မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် မန္တလာမင်းခရီးသည်တင်ယာဉ်တစ်စီး၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သုံးရက်အကြာ ယနေ့ ဇန်နဝါရီလ ၈ရက် နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း အဆိုပါယာဉ်လိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
မုဒုံဘက်မှ သံဖြူဇရပ်ဘက်သို့မောင်းနှင်လာသည့် အဆိုပါခရီးသည်တင်ကားကို ဇန်နဝါရီလ ၅ ရက် ညနေ ၅နာရီ ဝန်းကျင်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီးအရောက်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တားဆီးရပ်တန့်စေခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည် ၂၀ဦးခန့်ကို ကားပေါ်က ဆင်းခိုင်စေပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို ကားနှင့်အတူ ကွမ်လှာကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါယာဉ်လိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
ခရီးသည်များက လမ်းတွင် ကြုံသည့်ကားဖြင့် စီးပြီး ခရီးဆက်ခဲ့ရကြောင်း အဆိုပါခရီးသည်များနှင့် တွေ့ဆုံခဲ့သည့် ဒေသခံအချို့က ဆိုသည်။
မန္တလာမင်းခရီးသည်တင်ယာဉ်ကိုမူ ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၁နာရီခန့်က ကားလမ်းအရှေ့ဘက် ကွမ်လှာကျေးရွာ သုသာန်အနီးတွင် ပြန်တွေ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကိုမူ ပြန်မတွေ့သလို အဆက်အသွယ်လည်း မရသေးကြောင်း မန္တလာမင်းခရီးသည်တင်ယာဉ်လိုင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။
“ကားကတော့ တောထဲသွားတဲ့လမ်း ကွမ်လှာရွာသုသာန်အနားမှာ ပြန်တွေ့တယ်။ လူကတော့ ခေါ်သွားတာဖြစ်မယ်။ ပြန်မတွေ့ဘူး။ အဆက်အသွယ်လည်း မရသေးဘူး” ဟု ယာဉ်လိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်နက်ကိုင်အဖွဲ့က ယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်များကို မေးမြန်းခြင်၊ စစ်ဆေးခြင်း တစ်စုံတစ်ရာ မပြုလုပ်သလို ပစ္စည်းများကိုလည်း တစ်စုံတစ်ရာ ယူဆောင်သွားခြင်းလည်း မရှိကြောင်း ၎င်းက ပြောဆိုသည်။
မန္တလာမင်း ယာဉ်မောင်းနှင့် ယာဥ်နောက်လိုက်တို့ကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။