BREAKING
January 8, 2025

မဲဆောက်တွင် တရားမဝင် ဝင်လာသော မြန်မာ ၂၅ဦး ဖမ်းဆီးခံရ

January 8, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်၊ မဲဆောက်ဒေသတွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၅ ဦးသည် ဇန်နဝါရီလ ၇ရက်ညဘက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နယ်ခြားစောင့်တပ်များက ထာ့စိုင်လွတ်ဒေသကို ကင်းလှည့်စစ်ဆေးရာ တောထဲတွင် အုပ်စုလိုက် လမ်းလျှောက် သွားလာနေသော မြန်မာနိုင်ငံသားများကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၅ ဦး ရှိပြီး အားလုံးတွင် တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများသည် ဘန်ကောက်နှင့် အနီးခရိုင်များတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်ဟု သတင်းများတွင်ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် ည ၈ နာရီခန့်က နယ်စပ်မှတစ်ဆင့် တောလမ်းအတိုင်း တရားမဝင် လမ်းလျှောက်ဝင်လာကြစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

၎င်းတို့ကို ဥပဒေအရ အရေးယူရန် နီးစပ်ရာ ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။

ပြီးခဲ့သော ဒီဇင်ဘာလက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား ၅၃၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။

Ref: Khaosod English, The Reporter