BREAKING
January 8, 2025

လောင်းလုံးတွင် စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

January 8, 2025

ပုံစာ- စစ်ကောင်စီတပ် တပ်စွဲထားသည့် လက်ခတ်တောင်တောင်ခြေ

လောင်းလုံးမြို့မှ စမ်းလှမ်းကျေးရွာသို့ စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာကြားရှိ စစ်ကောင်စီ လက်ခတ်တောင်စခန်း ဇန်နဝါရီလ ၅ ရက်က တိုက်ခိုက်ခံရသည်။

နောက်တစ်ရက် ဇန်နဝါရီလ ၆ ရက်တွင် လောင်းလုံးမြို့မှ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်း စမ်းလှမ်းရွာသို့ ရောက်လာခဲ့ပြီး ဇန်နဝါရီလ ၇ ရက်တွင် လောင်းလုံးမြို့ဘက်သို့ ပြန်ဆုတ်လာခဲ့သည်။

ယင်းသို့ ဆုတ်ခွာလာချိန် လမ်းပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။

“စစ်ကောင်စီဘက်က သေသွားတဲ့သူတွေ လောင်းလုံးသင်္ချိုင်းမှာ မီးရှို့နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။

ထိုသို့တိုက်ခိုက်တွင် လောင်းလုံးမြို့နယ်အနောက်ဘက် ပင်လယ်ထဲရှိ အဆင်သင့်ရှိနေသည့် စစ်သင်္ဘောက စမ်းလှမ်းကျေးရွာအနီးအထိ ဝင်လာပြီး လက်နက်ကြီးဖြင့် အကြိမ်ရေ အမြောက်အမြား ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

အ‌ဆိုပါလက်နက်ကြီးကျည်များမှာ လက်ခတ်တောင်ခြေသို့ ကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ကိုရှဲဒိုးက ပြောသည်။

နံနက်စောစောပိုင်းမှစပြီး နံနက် ၁၁ နာရီခန့်အထိ လက်နက်ကြီးပစ်ခတ်သံများ တောက်လျှောက်ကြားနေရကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်း တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဒေသအတွင်း သတင်းထွက်ပေါ်နေသော်လည်း ယင်းကိစ္စကိုမူ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အတည်ပြုဖြေကြားခြင်း မရှိသေးပေ။