ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး အီလွန်မတ်ခ်၏ဖခင်က ၎င်း၏သားဖြစ်သူသည် ဘောလုံးအသင်းတစ်သင်းကို ဝယ်ယူရန် စိတ်ဝင်စားမှုရှိခဲ့မည်ဆိုပါက ဝယ်ယူမည့်အသင်းမှာ လီဗာပူးသာ ဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Sky Sports က ရေးသားထားသည်။
လီဗာပူးကို ဝယ်ယူရန် အီလွန်မတ်ခ်ဘက်က ဆက်သွယ်ကမ်းလှမ်းမှု မရှိသေးသကဲ့သို့ လက်ရှိတွင် လီဗာပူးကို ပိုင်ဆိုင်ထားသည့် FSG စီးပွားရေးလုပ်ငန်းစုကလည်း အသင်းကိုရောင်းထုတ်ရန် အစီအစဉ် မရှိသေးကြောင်း Sky Sports က ဆက်လက် ရေးသားထားသည်။
အီလွန်မတ်ခ်၏ဖခင်သည် Times Radio နှင့်တွေ့ဆုံရာတွင် လီဗာပူးမြို့နှင့် ၎င်းတို့မိသားစု၏ဆက်နွယ်ပတ်သက်မှုများကို ထည့်သွင်းပြောကြားခဲ့ကာ အီလွန်မတ်ခ် ဝယ်ယူမည်ဆိုပါက ယင်းအသင်းမှာ လီဗာပူးကလွဲ၍ အခြားမဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသွားခဲ့ခြင်းဖြစ်သည်။
အီလွန်မတ်ခ် သည် လက်ရှိတွင် ပေါင် ၃၄၀ ဘီလျံ ကြွယ်ဝနေပြီဖြစ်ကာ လီဗာပူးအသင်း၏တန်ကြေးမှာ ဈေးကွက်ပေါက်ဈေးအရ ပေါင် ၄ ဒသမ ၃ ဘီလျံသာရှိကြောင်း မြင်တွေ့ကြရသည်။


FSG စီးပွားရေးလုပ်ငန်းစုသည် လီဗာပူးအသင်းကို ၂၀၁၀ ပြည့်နှစ်၌ ပေါင်သန်း ၃၀၀ ဖြင့် ဝယ်ယူကာ ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အသင်းနှင့်ဆက်နွယ်ပတ်သက်သော အကျိုးအမြတ်များစွာကို FSG စီးပွားရေးလုပ်ငန်းစုက ခံစားခွင့်ရရှိနေပြီလည်းဖြစ်သည်။
Times Radio နှင့်တွေ့ဆုံခဲ့ရာတွင် အီလွန်မတ်ခ်၏ဖခင်က “အီလွန်မတ်ခ် သာ အသင်းတစ်သင်းကို ဝယ်ယူဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒါက လီဗာပူးပဲ ဖြစ်ပါလိမ့်မယ်။ သူ့အဖွားက လီဗာပူးမှာ မွေးခဲ့တာလေ။
ကျွန်တော်တို့နဲ့ အမျိုးအဆွေ တော်စပ်သူတွေ ဒီနေ့အထိ လီဗာပူးမှာ ရှိနေဆဲပါပဲ။ ကျွန်တော်တို့မိသားစုက ဘီတယ်လ်တေးဂီတအဖွဲ့နဲ့အတူ ကြီးပြင်းလာခဲ့သူတွေပါ။ ကျွန်တော်တို့မိသားစုဟာ လီဗာပူးမြို့နဲ့ အဲ့ဒီလို ချိတ်ဆက်ပတ်သက်တာတွေ ရှိပါတယ်။
ဒါကြောင့် အီလွန်မတ်ခ် ဟာ အသင်းတစ်သင်း ဝယ်မယ်ဆိုရင် လီဗာပူးကို ဝယ်ယူဖို့ပဲ စိတ်ဝင်စားမှာပါ”ဟု ၎င်း၏ဖခင်က ပြောသွားခဲ့သည်။
News Source – The Guardian and Sky Sports