အခုလိုမျိုးနှစ်သစ်ကူးပြီးခါစဆိုရင် အပြင်မှာရော၊ လူမှုကွန်ရက်မှာပါ အမြဲလိုလို တွေ့ရတာက အမှိုက်တွေနဲ့ ပွစိတက်နေတဲ့ ပွဲတော်ကျင်းပရာနေရာတွေ။
အဝေးပြေးလမ်းမတွေဆိုရင် မျိုးစုံသော ရေသန့်၊ အအေးဘူးခွံ့တွေ၊ ဖော့ဘူးတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ ဖွေးဖွေး လှုပ်နေတာပဲပေါ့။
တစ်ချိန်တည်းမှာပဲ ဆရာအောင်လွင် (ကံပေါက်သား)က တနင်္သာရီအပတ်စဉ်မှာ ပြီးခဲ့တဲ့အပတ်က တက္ကသိုလ် အိမ်သာ အကြောင်း ဖတ်ရတဲ့အခါကြတော့ လူမှုဝတ္တရားသိတဲ့လူ၊ လူ့အဖွဲ့အစည်းဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းထဲကို အတွေးဝင်လာပါတယ်။
အဲဒီအတွေးကို ပိုတွန်းအားပေးတာက တက္ကသိုလ်အိမ်သာအကြောင်း ဆောင်းပါးမှာ ကျောင်းသူကျောင်းသားတွေကို အဲလောက်အထိ လိုက်ပြောပြ သင်ပြနေဖို့ အချိန်မရှိဘူးလို့ ဆရာမတစ်ယောက်က ပြောတဲ့စကားပါ။
လူတွေဟာ ကိုယ်အရေးကြီးတယ်ထင်တာကိုပဲ အချိန်ပေးဖို့ ဆုံးဖြတ်တတ်ကြတယ်ဆိုတဲ့ အကောက်အယူအရ စဉ်းစားမယ်ဆိုရင်တော့ အိမ်သာကိစ္စဟာ တစ်ပတ်မှာ ၅ မိနစ်၊ ၁၀ မိနစ်လောက် အချိန်ပေးပြောဆို စည်းရုံးဖို့၊ တက္ကသိုလ် အုပ်ချုပ်ရေးက သေချာအလေးထားစဉ်းစားဖို့ လိုအပ်တဲ့အနေအထား မရှိဘူးလို့ အတွေးရှိပုံရပါတယ်။
လူတစ်ယောက်ဟာ ကိုယ့်အမှိုက် ကိုယ်သတ်မှတ်နေရာမှာ ပစ်ဖို့ သို့မဟုတ် ပစ်သင့်တဲ့နေရာမှ ပစ်ဖို့၊ အိမ်သာတက် ပြီး ကိုယ်အညစ်အကြေး ကိုယ်ဆေးခဲ့ဖို့ဆိုတာ အရေးမပါတဲ့ ကိစ္စလား။
ကျွန်တော့်အမြင်အရဆိုရင်တော့ ဒါဟာ အင်မတန် အရေးပါတဲ့ကိစ္စဖြစ်ပါတယ်။
လူတစ်ယောက်ဟာ ကိုယ်ရှင်သန်ရတဲ့အချိန်လေးမှာ အခြားသူတစ်ဦးတစ်ယောက်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါက လူမှုဝတ္တရားတစ်ခုလို့တောင် သတ်မှတ်လို့ ရပါတယ်။
ဒါကြောင့် မလိုအပ်ဘဲနဲ့ ကိုယ့်ကြောင့် အခြားသူတစ်ဦးတစ်ယောက်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတာက လူမှုဝတ္တရား ပျက်ယွင်းမှုလို့ သတ်မှတ်ရင် လွန်မယ် မထင်ပါ။
လူတစ်ဦးတစ်ယောက်ချင်းစီကို လူမှုဝတ္တရား သိတတ်သူ၊ သိတဲ့အတိုင်း ကျင့်ကြံတဲ့သူဖြစ်ဖို့ဆိုတာ အခုရေတွင်းတူး အခုရေကြည်သောက် လုပ်လို့ရတဲ့ ကိစ္စတော့မဟုတ်ပါဘူး။
လူတစ်ဦးချင်းစီမှာရှိတဲ့ အရိုးစွဲနေတဲ့ အပြုအမူတွေဟာလည်း အရှင်မွေးနေ့ ချင်းကြီးဖြစ်လာတာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ တဖြည်းဖြည်းချင်း အနည်ကျလာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် လူမှုဝတ္တရားနဲ့ ပတ်သက်ပြီး စဉ်းစားတဲ့အခါကျရင် မိသားစုနဲ့ကျောင်းတွေက အင်မတန် အရေးကြီးပါ တယ်။ လူတစ်ယောက်ရဲ့ ကလေးဘဝနဲ့ ငယ်ဘဝတစ်လျှောက်လုံးဟာ စာသင်ကျောင်းတွေနဲ့ မိသားစုမှာပဲ အချိန်ကုန်တာများတာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ကျောင်းတွေနဲ့ မိသားစုက ဒါကို အလေးအနက်ထား နားလည်ဖို့လိုပါတယ်။
ဘာကြောင့် အထူးတလည်အရေး တကြီးစဉ်းစားဖို့ လိုသလဲဆိုရင် လူတစ်ယောက်ဘယ်လိုလူအဖြစ် ရှင်သန်ကြီးပြင်း နေသလဲဆိုတာဟာ ခုနကပြောတဲ့ လူမှု ဝတ္တရားတွေအပေါ် သိနားလည် ကျင့်ကြံမှုနဲ့ တိုက်ရိုက် ဆက်စပ်နေလို့ ဖြစ်ပါတယ်။
အမှိုက်ကို တွေ့ကရာပစ်တာဟာ အမှိုက်ကို တွေ့ကရာပစ်တဲ့အဆင့်မှာ ပြီးသွားတာ မဟုတ်ပါဘူး။
ကိုယ့်အမှိုက်ကိုမှ ကိုယ်ဝတ္တရားရှိရှိ ဝတ္တရားသိသိနဲ့ မပစ်တတ်တဲ့သူတစ်ယောက်က ကိုယ့်တာဝန်ကိုယ်ယူတတ်ဖို့၊ အခြား သူများအပေါ် ထည့်သွင်းစဉ်းစားတတ်ဖို့၊ ကိုယ့်ကိုကိုယ်စီမံတတ်ဖို့ဆိုတာ မလွယ်ပါဘူး။
ဒီလိုပါပဲ။ ကိုယ်တက်တဲ့အိမ်သာကို ကိုယ်တိုင်သန့်သန့်ရှင်းရှင်းဖြစ်အောင် ရှင်းလင်းခဲ့ဖို့ဆိုတာဟာလည်း အိမ်သာထဲတင်ပဲ ပြီးသွားတာ မဟုတ်ပါဘူး။
နေ့စဉ်ဘဝမှာ စဉ်းစားဆုံးဖြတ် လုပ်ကိုင်ရတဲ့ ကိစ္စရပ်တွေ အားလုံးအထိ ဆက်စပ်လိုက်ပါလာတာ ဖြစ်ပါတယ်။
လမ်းပေါ်မှာ အမှိုက်ပစ်တာဟာ လမ်းပေါ်တင် ပြီးသွားတာမဟုတ်ပါဘူး။ တိုင်းပြည်တည်ဆောက်ရေး၊ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ၊ လူမျိုးရဲ့ဂုဏ်သိက္ခာ အဲဒါတွေအထိ ဆက်စပ်နေတာ မဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ ပညာရေးနဲ့လည်း ဆက်စပ်နေတာ ဖြစ်ပါတယ်။
ဆရာအောင်လွင်(ကံပေါက်သား)ရေးတဲ့ ဆောင်းပါးထဲ ထားဝယ်တက္ကသိုလ် အမျိုးသမီးအိမ်သာ ဘိုထိုင်ရေအိုးထဲက အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေဟာ အဲဒီ ဘိုထိုင်နားတင် ပြီးသွားတာ မဟုတ်ပါဘူး။ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာ၊ လက်ရှိ တက္ကသိုလ် ပညာရေးရဲ့အခြေအနေ၊ လက်ရှိ အမျိုးသမီးထုရဲ့ မျိုးဆက်ပွား ကျန်းမာရေးအသိအတိမ်အနက်၊ လိုက်နာကျင့်ကြံမှု အားကောင်းမကောင်း၊ မှားယွင်းနေတဲ့ ဓလေ့ထုံးတမ်းတွေ၊ ယုံကြည်မှုတွေ၊ စသဖြင့် အများကြီးနဲ့ ဆက်စပ်နေပါတယ်။
အိမ်သာ သန့်ရှင်းရေးကိစ္စလည်း ဒီလိုပါပဲ။
အဲဒီလို လူမှုဝတ္တရား ကိစ္စတွေကို အလေးထား မတည်ဆောက်ဘူး၊ မသင်ကြားဘူး၊ ကျင့်ကြံဖြစ်စေတဲ့ အခင်းအကျင်း ကို မဖန်တီးဘူးဆိုရင် ကိုယ့်ရှုးကိုယ်ပတ်ဖြစ်ပြီး တစ်ချိန်မှာ ဒီလူတွေရဲ့ ဝတ္တရားမဲ့မှုရဲ့ဒဏ်ကို ကိုယ်ကိုယ်တိုင် ပြန်ခံရမှာ ဖြစ်ပါတယ်။
ကိုယ်စိုက်သလိုပဲ ကိုယ်ရိတ်သိမ်းရတယ်ဆိုတာ ခပ်ပေါ့ပေါ့စကားတော့ မဟုတ်ပါဘူး။
လူမှုဝတ္တရားကိစ္စ ကျောင်းတွေနဲ့ မိသားစုက အလေးထားစေချင်ပါတယ်။
သည်မွန်