BREAKING
January 22, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

December 7, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အထိ

အမ်းမြို့နဲ့ လေဆိပ်ကို AA သိမ်းယူ၊ တိုင်းစစ်ဌာနချုပ်တစ်ခုပဲကျန်

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မြို့ပေါ်နဲ့ လေဆိပ်အပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူထားနိုင်ပြီး နပခ လို့ အတိုကောက်ခေါ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုပဲ သိမ်းယူဖို့ ကျန်တော့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

ဗျူဟာဌာနချုပ်တွေ၊ တပ်ရင်းဌာနချုပ်တွေအပါအဝင် စခန်းနေရာ ၃၀ ကျော်ရှိတဲ့အထဲက သိမ်းယူဖို့ နောက်ဆုံးကျန်ရှိတဲ့ နပခကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမ်းကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ်ပို့ခဲ့တဲ့ စစ်ကူစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့သလို တပ်မ (၈၈) က အင်အား ၁၃၀ ကျော်နဲ့ အမ်းကိုလာတဲ့ စစ်ကြောင်းနဲ့ ဂွမြို့နယ်ဘက်ကို အင်အား ၁၈၀ ကျော်နဲ့လာတဲ့ စစ်ကြောင်းတွေကိုလည်း ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တယ်လို့ AA က ဆိုပါတယ်။

မြေပြင်ကလာတဲ့ စစ်ကြောင်းနှစ်ခုကို တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာကျော်သေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပြီး ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားရာမှာတော့ စစ်ကောင်စီတပ်ဖွဲ့ ဝင် ရုပ်အလောင်း ၅၀ ကျော်ပဲ တွေ့ရပါတယ်။

အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့တွေမှာ နောက်ဆုံးကျန်ရှိတဲ့စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းပစ်ကူတွေနဲ့ ပြန်လည်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

……………………………………..

တရုတ်ဖိအားကြောင့် ကိုးကန့်တပ် အပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ထုတ်ပြော

စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်တာ မလုပ်တော့ဘဲ အပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ဖြေရှင်းမယ်လို့ ကိုးကန့်တပ်လို့ ခေါ်ဝေါ်ကြတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဒီဇင်ဘာလ ၃ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ဘေးဒုက္ခဒဏ် ပြင်းထန်စွာခံစားနေရတဲ့ပြည်သူတွေကို ငဲ့ညှာထောက်ထားတာ၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးကို ကာကွယ်လိုတာ၊ ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုတာတွေကြောင့် အခုလိုထုတ်ပြန်တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ကိုးကန့်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ကိုတော့ အရင်နည်းတူ ဆက်လက် ကိုင်စွဲမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီက နိုင်ငံအနှံ့ ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်မှုတွေကို ရပ်ဆိုင်း ပေးရမယ်လို့လည်း ကိုးကန့်တပ်က ပြောပါတယ်။

ကိုးကန့်တပ်နဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ တအာင်းတပ် TNLA ကလည်း စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ နိုဝင်ဘာလ ၂၅ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြီးခဲ့တဲ့ဩဂုတ်လက မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ တရုတ်က နယ်စပ်မှာရှိတဲ့ ကိုးကန့်တပ်၊ တအာင်းတပ်တွေကို တိုက်ပွဲရပ်ဆိုင်းဖို့ ဖိအားပေးခြိမ်းခြောက် ပိတ်ဆို့ဖြတ်တောက်အရေးယူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲထဲမှာ စစ်ကောင်စီကို တိုက်ခိုက်နေတာ AA တစ်ဖွဲ့ပဲ ကျန်ရှိပါတော့တယ်။

……………………………………..

မြန်မာသင်္ကြန်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းမှာထည့်သွင်း

Fedeli buddhisti raccolgono l’acqua da versare su un alberto sacro durante una cerimonia per il Vesak, 13 maggio 2014. (Ye Aung Thu/AFP/Getty Images)

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ထည့်သွင်းသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ပါရာဂွေးနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ ဒီဇင်ဘာလ ၅ရက်က အခုလိုထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာသင်္ကြန်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်ဖို့အတွက် စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် မတ်လမှာ ယူနစ်စကို ကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ထိုင်းသင်္ကြန်ဖြစ်တဲ့ ဆုန်ကရန်ပွဲတော်ကတော့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မြန်မာထက် တစ်နှစ်စောပြီး ၂၀၂၃ ခုနှစ်မှာ ထည့်သွင်းသတ်မှတ်ခံထားရပါတယ်။

……………………………………..

ဗန်းမော်ကို KIA ထိုးစစ်ဆင်တိုက်ခိုက်

ပုံစာ – KIA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ကောင်စီတပ်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၄ရက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

KIAနဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မိုးမောက်မြို့ထဲက စစ်ကောင်စီအတွက် စစ်ဗျူဟာအရအရေးပါတဲ့ ခြေမြန် တပ်ရင်း ၄၃၇ ကို ပြီးခဲ့တဲ့ဩဂုတ်လအတွင်းက သိမ်းယူခဲ့ပါတယ်။ ဗန်းမော်နဲ့ ၇မိုင်လောက်ပဲ ဝေးတဲ့ ခမရ ၄၃၇ တပ်ရင်းကို သိမ်းယူပြီးနောက်မှာ ဗန်းမော်နဲ့ မံစီမြို့ကြားက တပ်စခန်းတွေကို တိုက်ခိုက်ပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတာပါ။

ဗန်းမော်မှာ မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပိတ်မိနေသူတွေလည်းရှိနေတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒါ့အပြင် ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ပြန်လည်တိုက်ခိုက်တာ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ ကချင်မှာ အခုနှစ်အတွင်း တစ်ကျော့ပြန်စစ်ရေးစတင်ပြီးနောက် မြို့ ၁၀ကျော်ကို KIA က သိမ်းယူထားပါတယ်။

……………………………………..

ကုလမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်ထား

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို နောက်ထပ်တစ်နှစ် ဆက်လက်ထားရှိဖို့ ကုလသမဂ္ဂက ဆုံးဖြတ်လိုက်ပါတယ်။

ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်အကဲဖြတ် အရည်အချင်းစစ်ကော်မတီက ဒီဇင်ဘာလ ၆ရက်မှာ ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ၂၀၂၅ မှာ ကုလသမဂ္ဂတာဝန်တွေကို ဆက်လက်ထမ်းဆောင်ခွင့် ရရှိပါတယ်။

ဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂမှာ ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် စစ်ကောင်စီက သံအမတ်ကြီး တာဝန်ကနေ ရပ်စဲခဲ့ပါတယ်။ အဲဒီနောက်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာအတွက် စစ်ကောင်စီနဲ့ NUG က ကိုယ်စားလှယ် အပြိုင်တင်သွင်းခဲ့ကြပြီး စစ်ကောင်စီဘက်တော့ ကိုယ်စားပြုခွင့် ဆက်တိုက် ဆုံးရှုံးခဲ့ပါတယ်။

……………………………………..

ရေးဘီလူးအဖွဲ့ကို NUG ခုံရုံးဖွဲ့စစ်မယ်၊ တပ်ဖွဲ့ဝင်လေးဦးကို ဗိဿနိုးအဖွဲ့အရေးယူ

ပုံစာ – ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ဦးဇံမင်း ခေါ် ဦးခေါင်းဖြူကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်မှာ ရေးဘီလူးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

တော်လှန်ရေးအဖွဲ့နှစ်ခုက လူနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးရွာပြည်သူ့စစ်ခေါင်းဆောင်ဆိုသူကို NUG လက်အောက်ခံ ရေးဘီလူးအဖွဲ့က ဖမ်းဆီးခဲ့ပြီး နောက်မှာ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကိုယ်တိုင် ခေါင်းနဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်တောက်သတ်ဖြတ်နေတဲ့ ရုပ်သံမှတ်တမ်းထွက်ပေါ် လာပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ဦးဇံမင်း ခေါ် ဦးခေါင်းဖြူကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်က လက်ပစ်ဗုံးနှစ်လုံး လက်ထိပ် တစ်ခုအတူ ဖမ်းမိခဲ့တာလို့ ရေးဘီလူးအဖွဲ့က ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။

အခုလိုသတ်ဖြတ်ခဲ့တဲ့ကိစ္စအပေါ် ခုံရုံးဖွဲ့စစ်ဆေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေက သတင်းမီဒီယာ တွေမှာ ပြောဆိုပါတယ်။ ဒါဟာ စစ်သည်တော်ကျင့်ဝတ်အရရော၊ လူ့အခွင့်အရေးအရပါ မလုပ်သင့်တဲ့ လုပ်ရပ်လို့ ဆိုပါတယ်။

နေပြည်တော်-မကွေးလမ်းပိုင်းမှာလည်း ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းမင်း ကို ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ဖွဲ့ဝင်တွေက ခန္ဓာကိုယ်အစိတ်အပိုင်း ဖြတ်တောက်သတ်ဖြတ်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ခုံရုံးဖွဲ့ စစ်ဆေးပြီး ရဲဘော်လေးဦးကို ထောင်တစ်နှစ်ချမှတ်ခဲ့တယ်လို့ ဗိဿနိုး PDF က ဒီဇင်ဘာလ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက် သတ်ဖြတ်မှုတွေ ကျူးလွန်မှုတွေကြောင့် ပြစ်တင်ရှုတ်ချမှုတွေ ဆက်တိုက်ရှိနေပါတယ်။ အလားတူပဲ တော်လှန်ရေးအဖွဲ့တွေကလည်း ကျူးလွန်လာတဲ့အပေါ် ပြစ်တင်ရှုတ်ချမှုတွေလည်း ရှိနေပါတယ်။

……………………………………..