BREAKING
January 22, 2025

အမ်းမြို့နှင့် လေဆိပ်ကို AA သိမ်းယူ၊ တိုင်းစစ်ဌာနချုပ်တစ်ခုသာကျန်ဟု ထုတ်ပြန်

December 7, 2024

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် မြို့နှင့် လေဆိပ်အပါအဝင် စစ်ကောင်စီတပ်စခန်းအများစုကို သိမ်းယူထားနိုင်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တစ်ခုသာ ကျန်ရှိတော့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်းကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲများ အပါအဝင် စခန်းနေရာ ၃၀ကျော်ရှိသည့်အနက် နပခ တစ်ခုမှ လွဲ၍ ကျန်နေရာအားလုံးကို သိမ်းယူထားပြီ ဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက် ညသန်းခေါင်က ထုတ်ပြန်ရာတွင် ဖော်ပြသည်။

အမ်းတွင် နောက်ဆုံးကျန်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း အပြီးသတ် သိမ်းယူနိုင်ရန်အတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AA က ဆိုသည်။

အမ်းလေဆိပ်နှင့် အမ်းမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများရှေ့တွင် AA တပ်ဖွဲ့ဝင်များဖြင့် သိမ်းယူပြီးနောက် မှတ်တမ်းတင် ရိုက်ကူးထားသည့် ဓာတ်ပုံများကို သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

စစ်ကောင်စီက အမ်းသို့ ရဟတ်ယာဉ်ဖြင့် စစ်ကူများ ရခိုင်ရိုးမဘက်သို့ အကြိမ်ကြိမ်ပို့ဆောင်ခဲ့သော်လည်း AA က ပိတ်ဆို့ဖြတ်တောက်နိုင်ခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် စစ်ကောင်စီတပ်မ (၈၈) က အင်အား ၁၃၀ ခန့်ပါဝင်သည့် စစ်ကူစစ်ကြောင်းကိုလည်း အမ်းမြောက်ဘက် ရိုးတောင်လမ်းမထက်တွင် သုံးရက်နီးပါးပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့အလောင်း တစ်ရာကျော်၊ လက်နက်ခဲယမ်းအများအပြားနှင့် စစ်ကောင်စီတပ်ဖွဲ့အချို့ ဖမ်းမိကြောင်း AA က ဆိုသည်။

ဂွမြို့နယ်ဘက်သို့ အင်အား ၁၈၀ကျော်ဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကိုလည်း နိုဝင်ဘာလ ၂၄ရက်တွင် စတင် တိုက်ခိုက်ခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၂၀ ကျော်၊ လက်နက်ခဲယမ်းများနှင့် တပ်ဖွဲ့ဝင် အချို့ကို ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါစစ်ကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်၏ ရုပ်အလောင်းများကို တွေ့ရသည်။

ရခိုင်တွင် အမ်း၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့တို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးကျန်ရှိသည့် စခန်းများကို သိမ်းယူနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်း ပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်နေကြောင်း ဆိုသည်။

မောင်တောမြို့တွင် စစ်ကောင်စီ၏ တစ်ခုတည်းကျန်ရှိသည့် အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ ခွဲ (နခခ ၅) ကို အရှိန်အဟုန်မြှင့် တိုက်ခိုက်နေပြီး မကြာမီသိမ်းပိုက်နိုင်တော့မည်ဟုလည်း AA က ဆိုသည်။

ဒီဇင်ဘာလ ၆ရက်တွင်လည်း အထက်ပါမြို့နယ်လေးခုတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ဖော်ပြသည်။