ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ခုနစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဒီဇင်ဘာလ ၇ရက်တွင် ထုတ်ပြန်သည်။
လေကြောင်းဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရေလဲ ကျေးရွာအတွင်းရှိ ဘုရားကျောင်းတစ်ကျောင်းနှင့် နေအိမ် လေးလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။
ယင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့ပေါ် ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာ ၉၅ ရွာက ဒေသခံပြည်သူ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ထုတ်ပြန်သည်။
ယင်းအနက် စာရင်းကောက်ယူရရှိထားသည့် ကျေးရွာ ၈၅ ရွာက ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၆၈,၀၀၀ ကျော် ရှိကြောင်းလည်း ဖော်ပြသည်။
စစ်ဘေးရှောင်များအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သည့် စာနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာများ၊ စောင်နှင့် ဆေးဝါးတို့အား အရေးပေါ် လိုအပ်နေကြောင်း ထုတ်ပြန်ထားသည်။
နေပြည်တော်နှင့် မိုင်တစ်ရာကျော်သာဝေးသည့် မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ပြီး သုံးရက်မြောက်နေ့ ဒီဇင်ဘာလ ၄ရက် ညနေပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်း ယူခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။








စစ်ကောင်စီတပ်ဘက် ဒုတပ်ရင်းမှူးအပါအဝင် ၁၉ဦး လက်နက်ချကြောင်းလည်း KNU က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် အကြိမ် ၅၀ကျော် လာရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း တောင်ပိုင်းတိုင်း-ကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်သည်။
စစ်ကောင်စီဘက်ကမူ မုန်းမြို့ကို ပြန်လည်သိမ်းယူရရှိသည်ဟု ထုတ်ပြန်ထားသည်။