BREAKING
September 20, 2024

မွန်တွင် စက်သုံးဆီပြတ်လပ်၊ တစ်လီတာ ကျပ် ၄၀၀၀ နီးပါးဖြင့် တန်းစီဝယ်ရ

December 7, 2023

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်နေပြီး စက်သုံးဆီ ၉၂ ၊ ၉၅ တစ်လီတာလျှင် ကျပ် ၄၀၀၀ နီးပါးဖြင့် တန်းစီဝယ်ယူနေရကြောင်း သုံးစွဲသူတို့ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်အချို့တို့တွင် ဆီဝယ်ယူရရှိနေသော်လည်း နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းနေရသည့်အပြင် ဆီစျေးလည်း အဆမတန် စျေးတင်ရောင်းနေကြကြောင်း သုံးစွဲသူတို့က ဆိုသည်။

“အချို့ဆိုင်က ပိတ်ထားကြတယ်။ ရတဲ့ဆိုင်တွေမှာလည်း တစ်နာရီ နှစ်နာရီလောက် တန်းစီစောင့်ရတယ်။ စျေးကလည်း 95 ၊ 92 က တစ်လီတာ ၃၈၀၀ အထိ ပေးရတာရှိတယ်။ ဆီစျေးတွေက ဆိုင်ကပြောတဲ့အတိုင်းနဲ့ ဝယ်နေရတယ်” ဟု မော်လမြိုင်မြို့ပေါ်က သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။

ယင်းအပြင် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်အချို့ကလည်း ဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေခြင်းဖြစ်ကြောင်း စက်သုံးဆီဆိုင်အချို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် စက်သုံးဆီကို ရန်ကုန်မြို့မှတစ်ဆင့် တင်သွင်းဖြန့်ဖြူးရောင်းချကြပြီး လက်ရှိတွင် ရန်ကုန်မှ စက်သုံးဆီ မဝင်တော့သည့်အတွက် စက်သုံးဆီ ပြတ်လပ်နေခြင်းဖြစ်ကြောင်း စက်သုံးဆီဆိုင်တို့ထံမှ သိရသည်။

စက်သုံးဆီ ပြတ်လပ်နေသည့်အတွက် ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်အများစု အရောင်းရပ်နားထားကြရကြောင်းလည်း ဆီဆိုင်အချို့တို့ထံမှ သိရသည်။

“ဆီမရလို့ ဆီဆိုင်အများစုကလည်း အရောင်းရပ်ထားရတယ်။ ဆိုင်အကြီးအချို့တွေလောက်ပဲ ဆီရနေသေးတယ်” ဟု မုဒုံမြို့နယ်အတွင်းက ဆီဆိုင်ရှင်တစ်ဦးက ပြောသည်။

စက်သုံးဆီ ဝယ်ယူရရှိရန် အခက်အခဲရှိနေသည့်အတွက် ကားသမားများ၊ ဆိုင်ကယ်သမားများအတွက် အခက်အခဲ ကြုံတွေ့ နေကြရသည်။

“ဆီရဖို့ လိုက်ရှာနေရတယ်။ တစ်ခါတလေ တန်းစီနေရင်း ဆီကုန်သွားပြီးဆိုပြီ မရခဲ့တာလည်းရှိတယ်။ အခက်အခဲဖြစ်တာပေါ့။ ဆီပဲ လိုက်ရှာနေရတယ်။ အလုပ်ကောင်းကောင်း မလုပ်ရဘူး” ဟု ဆိုင်ကယ် Taxi သမားတစ်ဦးက ပြောသည်။

စက်သုံးဆီဝယ်ယူရရှိရန် အခက်အခဲရှိနေသည့်အတွက် ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့ကလည်း လျှပ်စစ်မီးကို အချိန်ပိုင်းသာ ဖြန့်ဖြူးပေးနေကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။

မွန်ပြည်နယ်အပြင် ကရင်၊ တနင်္သာရီ၊ ရန်ကုန်၊ မန္တလေး အစရှိသည့် တိုင်းနှင့် ပြည်နယ်အချို့တို့တွင်လည်း စက်သုံးဆီပြတ်လပ် ရှားပါးမှုနှင့် ကြုံတွေ့နေကြရသည်။