BREAKING
January 20, 2025

ထားဝယ်အာယုဒါန အောက်ဆီဂျင်စက်သစ် မိနစ် ၈ဝလျှင် ၄ဝလီတာ ခြောက်အိုးထုတ်

December 7, 2021

ထားဝယ်မြို့ရှိ အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်အသစ်သည် မိနစ်ရှစ်ဆယ်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ခြောက်လုံးထုတ်လုပ်နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အောက်ဆီဂျင်စက်အသစ်ကို နိုဝင်ဘာလလယ်ပိုင်းတွင် စတင်လည်ပတ်နေကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှ ဦးအောင်မြင့်က ဆိုသည်။

အဆိုပါ စက်အသစ်မှာ ၈ နာရီလည်ပတ်ပြီးလျှင် ၁ နာရီ အနားပေးနေကြောင်း ၎င်းက ပြောသည်။

အာယုဒါနအဖွဲ့တွင် ယခင်ကတည်းကပင် လည်ပတ်နေသည့် အောက်ဆီဂျင်ထုတ်စက်တစ်လုံးရှိပြီး လက်ရှိတွင် အဆိုပါစက်က ၁၅ လီတာနှင့် ၂၀ လီတာအိုးများကို ဖြည့်ပေးနေကြောင်း ဦးအောင်မြင့်က ဆိုသည်။

“စက်အဟောင်းက အိုး အငယ် လိုအပ်ချက်တွေကို ဖြည့်ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။

အာယုဒါန အောက်ဆီဂျင်စက်မှ ထွက်သည့် အောက်ဆီဂျင်ကို ထားဝယ်ဆေးရုံကြီးရှိ ကလေးအဆောင်၊ အခြားမြို့နယ် ဆေးရုံများနှင့် အိမ်လူနာများအတွက် ဖြည့်ပေးနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကိုဗစ် ကူးစက်မှုမြင့်တက်ခဲ့သည့် ဇူလိုင်၊ ဩဂုတ်လဝန်းကျင်က ထားဝယ်ဒေသတွင် အောက်ဆီဂျင် လိုအပ်ချက်မြင့်မားခဲ့သည်။

လက်ရှိတွင် အာယုဒါန၏ အောက်ဆီဂျင်စက်အပြင် တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးရေ ၂၀၀ နီးပါး ထုတ်လုပ်နေသည့် အောက်ဆီဂျင်စက်ရုံလည်း ရှိသည်။

ထို့အပြင် ထားဝယ်ဆေးရုံကြီး၌ ပုဂ္ဂလိကအလှူရှင်တစ်ဦး လှူဒါန်းထားသည့် အောက်ဆီဂျင်စက်လည်း လည်ပတ်နေပြီဖြစ်သည်။

လက်ရှိတွင် ကျန်းမာရေးဌာနနှင့် ပရဟိအဖွဲ့များ၏ စာရင်းအရ ထားဝယ်ဒေသ၌ ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းနေသော်လည်း အောက်ဆီဂျင် လိုအပ်သူများ ရှိနေဆဲဖြစ်သည်။