ဦးအောင်သူရ(TNRP ဥယျာဉ်အုပ်ချုပ်ရေးမှူး)
အမေရိကန်ဒေါ်လာ သန်းချီအသုံးပြုကာ ထိန်းသိမ်းရေး လုပ်ဆောင်နေသော တနင်္သာရီ သဘာဝသစ်တော ကြိုးဝိုင်းအတွင်း စက်ယန္တရားကြီးများဖြင့် ပြောင်ပြောင်တင်းတင်း တရားမဝင်ရွှေတူးနေမှုများ ရှိနေသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ တနင်္သာရီသဘာဝ ကြိုးဝိုင်းစီမံကိန်း (TNRP) ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်သူရ ကို Dawei Watch နှင့် ဒက္ခိဏ သတင်းဌာနတို့က စီမံကိန်းရုံးခန်း တည်ရှိရာ ကံပေါက်ရွာတွင် သွားရောက်တွေ့ဆုံမေးမြန်းထားသည်တို့မှ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။
မေး- လက်ရှိက ဆရာတို့စီမံကိန်း အကောင်အထည်ဖော်တဲ့အချိန်မှာ အခက်အခဲက ဘာတွေရှိလဲ။
ဖြေ- ဒီစီမံကိန်းကို အကောင်အထည်ဖော် တဲ့နေရာမှာ အဓိက အခက်အခဲကတော့ ကျွန်တော် တို့လုံခြုံရေးအခက်အခဲပါပဲခင်ဗျား။ လုံခြုံရေး အခက်အခဲဆိုတာ ကျွန်တော်တို့ရဲ့ ဧရိယာ လေးသိန်းကျော် ရှိတဲ့ ဧရိယာအကျယ်အဝန်းမှာ လက်နက်ကိုင်အဖွဲ့ အစည်း နှစ်ဖွဲ့ရှိပါတယ်။ မြောက်ဘက်မှာဆိုလို့ရှိရင် မွန်ပြည်သစ်ပါတီ၊ တောင်ဘက်ပိုင်းမှာဆိုရင် အလယ်ပိုင်းမှာဆိုလို့ရှိရင် KNU ဆိုတဲ့လက်နက် ကိုင်အဖွဲ့အစည်းရှိပါတယ်။ဧရိယာရဲ့ လေးပုံတစ်ပုံ မြောက်ဘက်ပိုင်းက လည်း မွန်ပြည်သစ်ပါတီရဲ့ လှုပ်ရှားဧရိယာတွေဖြစ် ပါတယ်။ ဒီဘက်က လေးပုံသုံးပုံကလည်း KNU အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားဧရိယာဖြစ်တယ်။ ကျွန်တော်တို့က ကျွန်တော်တို့ဧရိယာထဲကို သွားလာ လှုပ်ရှားလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင် ရွက်ဖို့ဆိုလို့ရှိရင် သူတို့ရဲ့ခွင့်ပြုချက်တောင်းခံပြီးမှ ရရှိပြီးမှသာ သူတို့သွားဆိုတဲ့နေရာကိုပဲ သွားခွင့် ရှိတဲ့အတွက် ကျွန်တော်တို့မှာ လုံခြုံရေးအရ အခက် အခဲက အဓိကအခက်အခဲဖြစ်ပါတယ် ကျွန်တော်တို့ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့။
မေး- (စီမံကိန်း)လုပ်ငန်းဆိုတဲ့နေရာမှာ ဘာလုပ်ငန်းတွေ လုပ်တာလဲ။
ဖြေ- ကျွန်တော်တို့ တောထဲလုပ်ငန်းဆိုတာ ကင်းလှည့်တဲ့လုပ်ငန်းတွေရှိပါတယ်။ ကင်းတိုဆို ကျွန်တော်တို့က သုံးညအိပ် လေးရက်ရှိပါတယ်။ စခန်းခွဲ ၁၀ ခုကနေပြီးတော့ တစ်လကို စခန်းခွဲ တစ်ခုကို တစ်ကြိမ်နဲ့ ဧရိယာတစ်ခုလုံးကို တစ်လကို ၁၀ ကြိမ်လှည့်ပါတယ်။ စခန်းခွဲတစ်ခုက တစ်ကြိမ် နှုန်းနဲ့။ အဲဒီလိုကင်းလှည့်စဉ်မှာ ကျွန်တော်တို့က သားငှက်တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ ရဲ့ အလေ့အထတွေ၊ သူတို့ရဲ့သင်္ကေတတွေကို ကောက်ယူပြီးတော့မှ ဒီဒေသမှာကတော့ဖြင့် ဥပမာ ဆိုပါတော့ အလယ်စခန်းမှာတော့ ဆတ်ခြေရာတွေ တွေ့တယ်။ တောဝက်လူးအိုင်တွေ အများကြီးတွေ့ တယ်။ ကျားကုတ်ခြစ်ရာတွေ တွေ့တယ်။ ဆင်ချီး တွေတွေ့တယ်ဆိုတဲ့ Tracking sign တွေကို ကျွန်တော်တို့က မှတ်တမ်းတင်ပြီးတော့ တစ်အချက် ကတော့ ဒါတွေ တောရိုင်းတိရစ္ဆာန် ဘယ်လိုကောင်မျိုး တွေရှိနေတာလဲ သိနိုင်တယ်။နှစ်အချက်ကတော့ သစ်တောသစ်ပင်တွေဖြစ်တဲ့ သစ်ပင်ကြီးတွေဘာအမျိုးအစားတွေရှိနေတာလဲ။ ကြိမ်အမျိုးအစားတွေက ဘာကြိမ်တွေရှိလဲ။ ပရဆေးကတော့ ဘယ်အပင်တွေရှိလဲ။ သစ်ခွမျိုးတွေ ဘယ်မျိုးစိတ်တွေရှိနေတာလဲ။ ဒါတွေလည်း ကျွန်တော်တို့မှတ်တမ်းတွေတင်တယ်ပေါ့နော်။နောက်တစ်ချက်ကတော့ ကျူးကျော်ဝင်ရောက် မှုပေါ့နော်။ တောင်ယာခုတ်တာတို့၊ အခြေချနေထိုင် တာတို့၊ ဒါတွေကိုလည်း တားဆီးကာကွယ်နိုင်ဖို့အတွက် ကင်းလှည့်ခြင်းဖြစ်ပါတယ်။ နောက်တစ်ချက် ကတော့ အမဲလိုက်တာပေါ့နော်။ မုဆိုးတွေ အမဲလိုက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ရှားပါးမျိုးစိတ် တွေ၊ တိရစ္ဆာန်တွေ၊ မျိုးတုန်းမှုအန္တရာယ်ရှိနေတဲ့တိရစ္ဆာန်တွေ ကာကွယ်နိုင်ဖို့ရယ်၊ တခြားသော တိရစ္ဆာန်မျိုးစုံကို ကာကွယ်နိုင်ရေးအတွက် ကင်းလှည့်ထိန်းသိမ်းခြင်းတွေကို လုပ်ပါတယ်။နောက်တစ်ခါ တစ်လအတွင်းမှာပဲ ဒီစခန်း ၁၀ ခုမှာ ကင်းလှည့်သွားတဲ့လူတွေရဲ့ တွေ့ရှိချက် အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က ကင်းရှည် ဆိုပြီးတော့ ထပ်ပြီးတော့ လွှတ်ပါတယ်။ အဲဒါက တော့ ခုနစ်ညအိပ် ရှစ်ရက်ခရီးပါ။ အဲလိုသွားဖို့ အတွက်ဆိုလို့ရှိရင် ကျွန်တော့်ဝန်ထမ်းတွေက တောထဲကို သူတို့ရောက်ရှိတဲ့နေရာတွေကို မှတ်တမ်း တင်ဖို့အတွက် Smart နည်းပညာ ဆိုတာ GPS နဲ့ သူတို့သွားရပါတယ်။ တကယ်ရောက်၊ မရောက်လည်း ကျွန်တော်တို့က ဒါကိုစစ်ဆေးနေတဲ့သဘောပါပဲ။ Smart နည်းပညာဆိုတာ နိုင်ငံတကာမှာ လုပ်တဲ့နည်းပညာပါ။နောက်တစ်ခါ ကျွန်တော်တို့က ကင်မရာ ထောင်ချောက်တွေတပ်တယ်။ အခုဆိုလို့ရှိရင် ပြီးခဲ့တဲ့နိုဝင်ဘာက ကင်မရာထောင်ချောက်တွေ တပ်တယ်။ ဒီနှစ်မှာဆိုရင် ကင်မရာအလုံး ၈၀ တပ်တယ်။ တောထဲမှာ။ ကင်မရာထောင်ချောက်တွေ သွားတပ်ပြီးမှ ဒီကင်မရာထောင်ချောက်တွေကို နိုဝင်ဘာမှာထောင်တဲ့အတွက် ဇန်နဝါရီ ဖေဖော်ဝါရီမှာ ဖြုတ်သိမ်းမယ်။ ဖြုတ်သိမ်းပြီးလို့ရှိရင် ဒီကင် မရာထောင်ချောက်တွေကနေပြီးတော့ ဘာသတ္တဝါတွေ ဘယ်တိရစ္ဆာန်တွေရှိလဲဆိုပြီး ဓာတ်ပုံ မှတ်တမ်း တွေရရှိအောင် ဆောင်ရွက်တဲ့လုပ်ငန်းကို လုပ်တယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ တောထဲကိုသွား ရပါတယ်။နောက်တစ်ခါ နယ်နိမိတ်တိုင်တွေပြင်ရတယ်။ ဒီအတွက်လည်း တောထဲကို ဝင်ရတယ်။ နောက်တစ်ခါကျလို့ရှိရင် တခြားသော သုတေသနလုပ်ငန်း တွေပေါ့။ သုတေသနလုပ်ငန်းတွေရှိပါတယ်။ သုတေသနလုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင် သုတေသန လုပ်မယ့် ကျွန်တော်တို့အဖွဲ့တွေ တောထဲကို ဝင်ရ တဲ့အလုပ်တွေရှိတယ်။အဲဒီတောထဲကို ဝင်တဲ့နေရာမှာ အခက်အခဲက တော့ လုံခြုံရေးပါပဲ အဓိကကတော့။
မေး- လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ပြဿနာဖြစ်ခဲ့ဖူးတာရှိလဲ။
ဖြေ- လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်မရောက်ခင် ၂၀၁၈ ခုနှစ်ဝန်းကျင်မှာ ဓာတ်ငွေ့ပိုက်လိုင်း Service Track မှာက တရား မဝင်သစ်ဖမ်းဆီးမိတာနဲ့ ပတ်သက်ပြီးတော့ သစ်တော ဝန်ထမ်းတစ်ယောက်ကို KNU လက်နက်ကိုင်အဖွဲ့ အစည်းကနေပြီး ရိုက်နှက်ပြီးတော့ ဖြစ်တာရှိပါ တယ်။ နောက်ကျွန်တော်တို့ စီမံကိန်းဝန်ထမ်းထဲက ကရင်လူမျိုးတစ်ယောက်ကိုလည်း ဖမ်းဆီး ရိုက်နှက်တာပေါ့နော်။ သေနတ်နဲ့ချိန်ခေါ်သွားတယ်။ ဒါမျိုးတွေ တွေ့ရပါတယ်။ နောက်ပြီးတော့ တရားမဝင် သစ်ဖမ်းဆီးရေး လုပ်တဲ့အချိန်မှာ အနောက်ကနေ ပြန်လိုက်လာပြီးတော့ သူတို့ပစ္စည်းပါဆိုပြီးတော့ ပြန်ယူသွားတာပေါ့နော်၊ လက်နက်နဲ့။ လက်နက်ကိုင် အဖွဲ့အစည်းတွေကနေ လုပ်တာတွေလည်း ကျွန်တော် တို့မှာ ဖြစ်ခဲ့ဖူးတာတွေရှိပါတယ်။
မေး- ဒီလိုမျိုးဖြစ်သွားတော့ တရားမဝင် သစ်ဖမ်းတဲ့အခါကျရင် နောက်ပိုင်းမှာ ဘယ်လို မျိုးအဟန့်အတားတွေရှိသွားလဲ။
ဖြေ- ကျွန်တော်တို့က နောက်ပိုင်းမှာကျ တော့ အစိုးရအဖွဲ့ကို အကူအညီတောင်းပြီးတော့ တပ်မတော်စစ်ကြောင်းနဲ့ပဲ ဝင်ဖမ်းပါတယ်။ ဇန်နဝါရီလတုန်းကဆိုလို့ရှိရင်လည်း တပ်မတော်စစ် ကြောင်းအကူအညီနဲ့ ဒီ Service Track တစ်လျှောက် မှာ တရားမဝင်သစ်ဖမ်းဆီးရမိမှုတွေရှိပါတယ်။ တပ်မတော်ရဲ့ အကူအညီနဲ့ပဲ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တောင်မှ အဲဒီအထဲကို သူတို့ချည်းပဲ မလိုက်ရဲဘူး ပေါ့နော်။ လိုက်လို့မရဘူးဆိုတဲ့ အနေအထားဖြစ်နေ တာပေါ့။ အဲလိုအခြေအနေမှာ။
မေး- ဆရာတို့စီမံကိန်းက နှစ် ၃၀ စီမံကိန်း ပေါ့နော်။ ၂၀ဝ၅ ကစပြီးတော့ ၂၀၃၅ ခုနှစ်အထိပေါ့ နော်။ အခု ၂၀၂၀ ဆိုရင် စီမံကိန်းကာလ တစ်ဝက် ကျိုးပြီးလို့ ပြောလို့ရတာပေါ့နော်။ ဆိုတော့ ဆရာ တို့မှာ ဘာတွေလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိမှာပေါ့။ ဒီလိုမျိုး လုံခြုံရေးအခက်အခဲကြောင့် လုပ်မယ်ဆိုတဲ့လုပ်ငန်းတွေအပေါ်မှာ ဘယ်လောက်အထိ နှောင့်နှေးမှု တွေရှိလဲ။ ဘယ်လိုမျိုးအခက်အခဲတွေ ဘယ်လိုဖြတ်ကျော်မှုတွေရှိလဲ။
ဖြေ- အဲဒီမှာ နှစ်ပိုင်းပြောချင်တယ်။ တစ်အချက်ကကျတော့ ကျွန်တော်တို့ အကောင်အထည်ဖော်ဆောင်ရွက်ရတဲ့လုပ်ငန်းပိုင်းမှာ အခက်အခဲမရှိဘူး။ သို့သော် ဘယ်မှာအခက်အခဲရှိတာလဲဆို ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းမှာ အခက်အခဲဖြစ် နေတာအခုက။ အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် တောထဲဝင်ပြီးတော့ တိရစ္ဆာန်တွေအတွက် ဆားကျင်းတွေလုပ်ပေးမယ်။ တိရစ္ဆာန်တွေစားမယ့် အသီးအနှံတွေ သီးပင်စားပင်တွေ စိုက်ပေးမယ်။ ဒါမျိုးအကောင်အထည်ဖော်တဲ့လုပ်ငန်းတွေကျရင် တော့ ရာနှုန်းပြည့်ဆောင်ရွက်နိုင်တယ်။သို့သော် ဇင်းဘာချောင်းဖျားကို မလာပါနဲ့ ဒီဟာက ကန့်သတ်နယ်မြေပါဆိုပြီး အဲဒီမှာရွှေတွေ တူးနေတာကျတော့ ကျွန်တော်တို့ ဘယ်လိုမှ မကာကွယ်နိုင်တဲ့ အနေအထားမျိုးပေါ့နော်။အချို့ရှိတယ်။ ကျောက်ရှပ်(ရွာ)လိုနေရာမျိုး မှာ အတွင်းပိုင်းမှာ သစ်ထုတ်တယ်။ နောက် ဘယ်သူ့မှမလာနဲ့၊ ကန့်သတ်နယ်မြေ ဆိုပြီး။ ဒီလိုနေရာမျိုးမှာ ကျွန်တော်တို့က မကာကွယ်မထိန်း သိမ်းနိုင်ဘူး။ ဒါတွေကို ကျွန်တော်တို့က စုပေါင်းပြီး ကာကွယ် ထိန်းသိမ်းဖို့ လိုလားပါတယ်။ ဒါကြောင့် မို့လည်း ကျွန်တော်တို့က ဒီတပ်မတော်စစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်နိုင်တဲ့ အဆင့်မို့လို့ ကျွန်တော်တို့ မနိုင်တဲ့ဝန်ဖြစ်နေတဲ့အတွက် အစိုးရ အဖွဲ့ကို သစ်တောဦးစီးဌာနကတစ်ဆင့် အကူအညီ တောင်းပြီးတော့ ဆောင်ရွက်နေရတာဖြစ်ပါတယ်။
မေး- ဆရာပြောတဲ့အထဲမှာ ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းတွေပါတာပေါ့။ ကာကွယ်ထိန်းသိမ်းတဲ့အပေါ်မှာ ဆရာတို့လျာထားချက်တွေကရော ပြည့်မီရဲ့လား။
ဖြေ- ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အဲဒီကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းအပိုင်းမှာ ကျွန်တော်တို့လုပ်နိုင်တာ အင်မတန် နည်းပါတယ်။ လုပ်နိုင်တာ အင်မတန်နည်းတယ်ဆိုတာ သတင်းရယူပြီး စစ်ကြောင်းပုံစံနဲ့ ဖမ်းဆီးတာ၊ အခုကျွန်တော် တာဝန် ထမ်းဆောင်တဲ့တစ်နှစ်ခွဲထဲမှာ သုံး၊ လေးကြိမ်ပဲ လုပ်နိုင်သေးတယ်။ အဲအချိန်မှာတော့ တရား မဝင်သစ် ဘာညာတော့မိပါတယ်။ အဲတော့ကာ ကွယ်ထိန်းသိမ်းရေးလုပ်ငန်းကို ဘယ်လောက်လုပ် နိုင်လဲဆိုတော့ ကျွန်တော့်အနေနဲ့ ပြောဖို့ခက်ပါတယ်။အမှန်တိုင်းပဲပြောရရင် တော်တော်များများ မလုပ်နိုင်သေးတဲ့သဘောရှိပါတယ်။ ဘာကြောင့်လဲ ဆို စစ်ကြောင်းကို အမြဲတမ်းခေါ်ထားလို့လည်း မရဘူးလေနော်။ သူက တစ်လတစ်ကြိမ်တောင် ဝင်နိုင်တာမဟုတ်တဲ့အတွက် ဒါမျိုးကို တပ်မတော် စစ်ကြောင်းနဲ့ ခပ်စိပ်စိပ်လုပ်မယ်၊ ခပ်စိပ်စိပ်လေးဝင်မယ်၊ နောက်ပြီးတော့ လျှပ်တပြက် ရှောင်တခင် ဒါမျိုးလေးဝင်ပြီးသွားရင်တော့ ပိုထိရောက်မယ်ထင် လို့လေ။ သူတို့လည်းသိစေချင်တယ်။ အကုန်လုံး ဝိုင်းပါအောင်ပေါ့နော်။ဒီအပြင် အကောင်အထည်ဖော်ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ အများကြီးရှိပါတယ်။ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတွေ အကုန်လုံးလုပ်နိုင်တယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုလို့ရှိရင် လျာထားတဲ့အတိုင်း ကျွန်တော်တို့လုပ်နိုင်တယ်။ တခြားသောလုပ်ငန်း တွေ အကုန်လုံးလုပ်နိုင်တယ်။ ကင်မရာထောင် ချောက်ထောင်တာဆိုရင် လျာထားတဲ့ (အလုံး) ၈၀ ။ အကုန်လုံးလုပ်နိုင်တယ်။ အဲဒီမလုပ်နိုင်တာက ရွှေသတ္တုတူးနေတာ တရားမဝင်သစ်ထုတ်နေတဲ့နေရာ ကို ကျွန်တော်တို့ဘယ်လိုမှ မထိန်းနိုင်ဘူးဖြစ်နေတယ်။
မေး- ဥပဒေစိုးမိုးရေးအထဲ ပါသွားတာပေါ့။
ဖြေ- ဒါကတော့ လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေး ကျွန်တော်က အဓိက ဆိုလိုချင်တာပါ။
မေး- သူတို့ သတ်မှတ်ထားတယ်ဆိုတဲ့ ကန့်သတ်နယ်မြေဆိုတာ အခုဒီဧရိယာထဲမှာဆိုရင် ဘယ်နှခုလောက်များရှိလဲ။ ဆရာတို့ကို သတိပေးထားတဲ့ ကန့်သတ်နယ်မြေမဝင်ရဘူးဆိုတဲ့ နေရာပေါ့။
ဖြေ- အဲဒါက သုံးလေးခုလောက်ရှိတယ်။ အဓိကကတော့ အခုဇင်းဘာချောင်းဖျား ရွှေသတ္တုတူး နေတဲ့နေရာတွေ၊ ရေပုန်းနဲ့ ကျောက်ရှပ် ဧရိယာ အစပ်က သစ်ထုတ်နေတဲ့နေရာတွေ အဓိကကတော့ အဲလိုနေရာမျိုးတွေကို သူတို့ကကန့်သတ်တယ်။ တချို့သောနေရာတွေကိုလည်း မိုင်းတွေရှိတယ် မသွား ရဘူးဆိုတဲ့ဟာမျိုးတွေရှိတယ်။ မိုင်းတွေရှိတယ် မသွားရဘူးဆိုတော့ ကျွန်တော်တို့ကလည်း မသွား ရုံပဲရှိတာပေါ့။ မတော်တဆမိုင်းထိသွားရင် သူတို့ ကတော့ ငါတို့သစ်ထုတ်နေလို့ မင်းတို့ မလာနဲ့ လို့တော့ မပြောဘူးလေ။
မေး- ကန့်သတ်နယ်မြေလို့ ပြောတဲ့နေရာ အားလုံးက ရွှေတူးတာတို့ သစ်ထုတ်တာတို့ လုပ်နေ တဲ့နေရာတွေလို့ ပြောလို့ရလား။
ဖြေ- ၈၀ ရာခိုင်နှုန်းက အဲလိုပြောလို့ရတယ်။
မေး- ပြီးခဲ့တဲ့လတွေတုန်းက အစိုးရအဖွဲ့ကို သွားတင်ပြတာပေါ့နော်။ လက်ရှိဖြစ်နေတဲ့အခင်းအကျင်းက ဘာတွေဖြစ်နေတယ် ဆိုပြီးတော့။ ဆိုတော့ ဘယ်လိုမျိုးအဖြေထွက်လဲ။
ဖြေ- အဲဒီတုန်းကတော့ ကျွန်တော်တို့က တင်ပြဆွေးနွေးတာပဲရှိတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လည်း ဒီလိုကိစ္စရပ်မျိုးတွေ အခက်အခဲရှိရင် သူတို့ ဆီ ချက်ချင်းတင်ပြပါလို့ပြောပါတယ်။ နောက်ဝန်ကြီးချုပ်ကတော့ ဒီကိစ္စတွေဟာ ချက်ချင်းလက်ငင်းကြီး ဖြေရှင်းလို့လုပ်လို့မရနိုင်ဘူးပေါ့နော်။ အဖွဲ့ပေါင်း စုံအကုန်လုံးပါပြီးတော့ တပ်မတော်ရော၊ ဒေသခံရော အကုန်လုံးက ပူးပေါင်းပြီးဆောင်ရွက်မှရမယ် ဆိုပြီး သူတို့ကတော့ အဲလိုမျိုးပဲ ပြောပါတယ်ပေါ့နော်။ကျွန်တော်တို့ကတော့ အဓိကကတော့ အဲဒီအချိန်မှာ စစ်ကြောင်းပုံစံနဲ့ဝင်မှသာလျှင် ရနိုင်ပါ မယ်ဆိုတာ တင်ပြတာပေါ့။ အဲဒီသဘောပေါ့။
မေး- ခုနကပြောသလိုဆို သုံးကြိမ်လောက်ရှိ တယ်ထင်တယ် စစ်ကြောင်းထိုးတယ်ဆိုတာလေ။
ဖြေ- အားလုံးပေါင်း ဆိုလို့ရှိရင် သုံးကြိမ်ရှိ ပါပြီ။ ပထမနှစ်ခါတုန်းကဆိုရင် သစ်ဖမ်းမိတယ်ခင် ဗျာ့။ သစ်ဆိုလို့ရှိရင် စုစုပေါင်းတန် ၁၀ဝ ကျော် လောက်မိတယ်။ ရွှေမိုင်းတွေနဲ့ ပတ်သက်လို့တော့ သိပ်ပြီးတော့ထိထိရောက်ရောက်မမိဘူး။ ဥပမာ ဘက်ဟိုးကြီး မိလိုက်တာတို့၊ ဒိုဇာကြီးတွေမိလိုက် တာတို့၊ ဒါမျိုးတော့မရှိဘူးဗျ။ ဒုတိယတစ်ခေါက် ဇန်နဝါရီတုန်းကဆိုလို့ရှိရင် ငါးစီး၊ ဒီရဲစခန်းဝင်း ထဲတောင် ခေါ်ထည့်ထားသေးတယ်။ ကျွန်တော် တို့မှာလည်း မှတ်တမ်းဓာတ်ပုံတွေရှိပါတယ်။ ပြန်ပေး လိုက်တယ်လို့ကြားပါတယ် ကျွန်တော်တို့လည်း။ အဲတုန်းကတော့ ဇင်းဘာရွာနားမှာ မိတယ်ပေါ့လေ။အဲဒါကြောင့်မို့ Stakeholder အားလုံး ဆက်စပ် ပတ်သက်သူအားလုံးက ထိထိမိမိနဲ့ဆောင်ရွက်ပေး စေချင်တယ်ဆိုတာ ဒါကိုဆိုလိုတာပါ။ ရဲစခန်းဝင်း ထဲမှာရောက်တယ်။ သေချာစစ်ဆေး ပေါ်ပေါက်အောင် စစ်ဆေးလိုက်မယ်ဆိုရင် ဘာပဲပြောပြော တန့်သွားတာပေါ့ဗျာ။ စီးပွားရေးသမားပဲ၊ လုပ်နေတဲ့လူတွေက စီးပွားရေးသမားတွေ။ သူတို့အကျိုးထိ ခိုက်လာမယ်ဆိုရင် သူတို့မလုပ်ရင်၊ သူတို့ရပ်သွား လို့ရှိရင် ဒီဟာက သက်သာသွားမယ်ပေါ့နော်။ သူတို့ကို နစ်နာစေချင်လို့ မဟုတ်ပါဘူး။ ဥပဒေ အပိုင်းလုပ်နေတဲ့ဟာကို ဥပဒေကြောင်းအရလေး လုပ်ပေးစေချင်တာပေါ့၊ ကျွန်တော်တို့က။
မေး- စီမံကိန်းကာလထဲမှာ ထိန်းသိမ်းရေး မှာ မအောင်မြင်လိုက်တဲ့ဟာမျိုးပေါ့။ ဒီဟာနဲ့ပတ် သက်လို့ ဆရာတို့မှာ စိုးရိမ်ချက်တွေရှိလား။
ဖြေ- ထိန်းသိမ်းတာ အောင်မြင်ချင်လွန်းလို့ အခုမီဒီယာအဖွဲ့တွေနဲ့ရော၊ အစိုးရအဖွဲ့တွေနဲ့ရော သက်ဆိုင်သူတွေအားလုံးက ဝိုင်းပြီးလုပ်ပေးစေချင် လို့ ကျွန်တော်က ရည်ရွယ်ပြီး လုပ်သွားတာလေ။ ဘာကြောင့်လဲဆို ကျွန်တော်တို့အားနဲ့ မနိုင်တော့ဘူး။ ဒီအတိုင်းမှေးပြီးတော့နေရင် ပိုဆိုးလာမှာ။ ဒီအတိုင်းကြီး နှစ်ရှည်လများသွားရင်တော့ တဖြည်း ဖြည်းနဲ့၊ ဆိုပါတော့ တောပျက်သွားတယ်ဆိုတာထက် တောအဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျတယ်ပေါ့နော်။ အပင်ကြီးတွေကနေပြီးတော့ အပင်ကြီးတွေ မရှိတော့ဘူး။ ဒုတိယအဆင့်ရောက်လာမယ်။ အဲဒီကနေပြီး ထပ်ပြီးလုပ်လာရင် တဖြည်းဖြည်းနောက်ဆုံး တောပျက် ဘဝကို ရောက်သွားမှာပေါ့နော်။ နောက်ဆုံး တောပျက်၊ တောနိမ့်၊ တောဟောင်းအဆင့် အဲလိုသွားတဲ့ တဖြည်းဖြည်းနဲ့ တောကနိမ့်သွားတာပေါ့ နော်။ အညာတို့၊ ဘာတို့ဆို တောနိမ့်ကနေ ထပ်ပျက်ပြီး တောပျက်ဖြစ်သွားပြီ။ အခုကတော့ အများကြီး အခြေအနေမဆိုးသေးပါဘူး။ ထိန်းရင် မီသေးတယ်။ ဘာပဲပြောပြော ရှိနေတဲ့ သစ်တောဖုံး လွှမ်းမှု ရာခိုင်နှုန်းနဲ့ အခြေအနေ အရမ်းကြီး အဆိုးကြီးမဟုတ်ဘူး။ ထိန်းသိမ်းဖို့တော့ လိုပြီ။ ဒါလေးကို အချိန်မီလေးလုပ်လိုက်မယ်ဆိုလို့ရှိရင် ပိုကောင်းလာတာပေါ့နော်။
မေး- ဆရာ့အမြင်အရဆိုရင် ဘယ်လိုမျိုး လုပ်သင့်လဲ။
ဖြေ- ကျွန်တော့်အမြင်ပြောရရင်တော့ အစိုးရအဖွဲ့ရော၊ တပ်မတော်၊ ကျွန်တော်တို့ သစ်တောရေးရာဝန်ကြီးဌာနအကြီးအကဲ၊ KNU ဒီဟာတွေ တွေ့ဆုံဆွေးနွေးပြီးတော့ညှိနှိုင်းထိန်း သိမ်းမှ ရမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က သတင်းပေးလိုက်၊ ခဏလာပြီး ဖမ်းသလိုလိုလုပ်လိုက်၊ ပြန်ထွက်သွားလိုက်၊ ပြန် လုပ်လိုက် ဒီသံသရာလည်နေလိမ့်မယ်။ အဲတော့ KNU မှာလည်း အထက်အဆင့်ဆင့်တွေပေါ့နော် အထက်အဆင့်ဆင့်ကနေပြီး ဒါကိုမလုပ်ဖို့နဲ့ သူတို့ကို ဩဇာညောင်းမယ့် လူတွေက တားဆီးနိုင်မှသာ ဒီဟာတွေက ပျောက်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒီလိုခဏခဏ ဝင်ဖမ်းနေလို့ကတော့ ကျွန်တော်ထင်တယ် မပျောက်နိုင်ဘူး။
မေး- ဒီဟာနဲ့ ပတ်သက်လို့ ဆရာက မီဒီယာကို ထုတ်ပြောတာပေါ့နော်။ ဒီမတိုင်ခင်မှာ ဆရာ့အနေနဲ့ ဘာတွေလုပ်ခဲ့လဲ။
ဖြေ- ကျွန်တော်တို့ကတော့ သတင်းယူ တယ်။ ကျွန်တော်တို့ရဲ့ တနင်္သာရီတိုင်းသစ်တောဌာန၊ အစိုးရအဖွဲ့ရုံးတို့ကို တင်ပြတာမျိုးပဲ လုပ်ပါတယ်။ ရုံးချုပ်တောင် ကျွန်တော်တို့ တိုက်ရိုက်မတင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းအဆင့်ဆင့်ဖွဲ့စည်းပုံအရ တိုင်းညွှန်ကြားရေးမှူးဆီကိုပဲ သတင်းပို့ပါတယ်။ အရင်ဇန်နဝါရီတို့ ဘာတို့တုန်းကလည်း အဲလိုပဲပို့ ပေးတယ်။ ကျွန်တော်တို့ရရှိတဲ့သတင်းတွေကို။
မေး- ဘယ်နှကြိမ်လောက် အဲလို (သတင်း) ပို့ပေးတာရှိလဲ။
ဖြေ- ပို့ဖူးတာတော့ အကြိမ်အရေအတွက် အကြီးအသေးပဲ ကွာတာပါ။ များတယ်။ တစ်ခါ တလေလည်း တရားမဝင် သစ်ကားတွေဘာတွေ ထွက်လာတယ်။ သတင်းတွေရရင် ကျွန်တော်တို့က လှမ်းပြောရင် သူတို့ကလည်း လာဖမ်း၊ မိတာပဲ။ ရွှေတူးတဲ့ကိစ္စကျတော့ ကျွန်တော်တို့က သတင်းပဲ ပေးနိုင်တာပါ။ ဘယ်နေရာမှာတော့ ဘာတွေလုပ် နေတယ်ဆိုတဲ့ သတင်းပဲ ပေးနိုင်တယ်။ တရားမဝင် သစ်ကျရင်တော့ သတင်းလှမ်းပေးလို့ဖမ်းတာရော ကိုယ်တိုင်ပူးပေါင်းပြီးဖမ်းလိုက်တာမျိုးတွေ တော့ရှိ ပါတယ်။ သို့သော် အဲဒီလိုဖမ်းတဲ့နေရာမှာ လုံခြုံ ရေးအခက်အခဲရှိတယ်ဆိုတာ ကျွန်တော်ပြောချင်ပါ တယ်။
မေး- TNRP အတွက် ဒေါ်လာသန်းချီသုံးနေတယ်ဆိုတာလေ၊ အဲဒီဟာနဲ့ပတ်သက်ပြီးတော့(ဝေဖန်မှုတွေအပေါ်မှာ) ဘယ်လိုများတုံ့ပြန် ချင်လဲ။
ဖြေ- ကျွန်တော်တို့ မတုံ့ပြန်ချင်ပါဘူး။ ဘာလို့လဲဆိုရင် အခုဖြစ်ပျက်နေတာတွေက Google ကကြည့်ရင် အကုန်လုံးမြင်တွေ့နေတာပဲလေ။ ဒါတွေ မဟုတ်ဘူးလားလို့လည်း ကျွန်တော်တို့က မငြင်းပါ ဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကိုယ်က အစိုးရအဖွဲ့ကို တင်ထားတဲ့နေရာတွေချည်းပဲ၊ လေးနေရာလုံးက။ ကျွန်တော်တို့ ဧကတွေပါ တွက်ပေးထားပါတယ်။ တည်နေရာ ၁ ပေါ့ ။ ခန့်မှန်းဧက ဘယ်လောက်ရှိ တယ်ဆိုတာလည်း Google ပေါ်မှာ ကျွန်တော်တို့ တွက်ထုတ်ထားတယ်။ အခုလုပ်နေတာလည်း အဲနေ ရာတွေပဲ။ဒါကြောင့်မို့လို့ ဒီဟာနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ဘာမှမပြောလိုဘူး။ သို့သော် ဒါကို ဆက်မဖြစ် ဖို့အတွက် ကာကွယ်ထိန်းသိမ်းဖို့နည်းလမ်းပဲ ကျွန်တော်တို့က ရှာရတော့မှာပေါ့နော်။
Dawei Watch/ Dakkhina Insight
ဆက်စပ်သတင်းများ
ဒေါ်လာသန်းချီသုံး တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာအတွင်း တရားမဝင် ရွှေတူးမြေ ဧက ရာချီ