BREAKING
December 23, 2024

ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာကို စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများတိမ်းရှောင်

November 7, 2024

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာအတွင်းသို့ ယနေ့ နံနက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အင်းအားတစ်ရာခန့်ပါသည့် စစ်ကြောင်းတစ်‌ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၈နာရီခန့်မှစ၍ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းမှတစ်ဆင့် လာရောက်ခြင်းဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာရှိ မူးဒူးရွာက ဒေသခံအချို့က ဆိုသည်။

ထိုစစ်ကြောင်းသည် နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် မောင်းမကန်ရဲစခန်းသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့ နံနက်မှစ၍ ရေနက်ဆိပ်ကမ်းဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်းသည် လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာအထိ ကားဖြင့်လာရောက်ပြီး ယင်းမှတစ်ဆင့် ရေဖြူမြို့နယ်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာကို ခြေလျင်ဝင်ရောက်လာကြောင်း မူးဒူရွာသားတစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

စစ်ကြောင်းဝင်လာသဖြင့် မူးဒူးရွာက ဒေသခံရွာသူရွာသားများမှာ ယနေ့ နံနက်ပိုင်းမှစပြီ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင် နေကြ‌ရကြောင်း ဒေသခံများက ပြောဆိုသည်။

“အခုညနေအထိတော့ (မူးဒူးရွာကို) မရောက်လာသေးဘူး။ စစ်ကြောင်းက ဘလေးရွာနဲ့ မူးဒူးကြားမှာပဲ ရှိသေးတယ်” ဟု ‌နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။

သို့သော် ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းသည် မူးဒူးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။