BREAKING
January 10, 2025

ဘန်ကောက်အနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် မြန်မာလုပ်သား ၁၆၀ကျော် ဖမ်းဆီးခံရ

November 7, 2024

ပုံစာ - စမွတ်ပရကန်ခရိုင်အတွင်း လိုက်လံစစ်ဆေးနေစဉ်။ ဓာတ်ပုံ - ထိုင်းလဝက

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တရားမဝင်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၆၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၆ ရက်နေ့က စမွတ်ပရကန်ခရိုင်ထဲရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အများစုပါဝင်သော အလုပ်နေရာပေါင်း ၃၀ ခန့်ကို ထိုင်းလဝကဌာနက ကွင်းဆင်းစစ်ဆေးခဲ့စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

မြန်မာအလုပ်သမားများနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံသား ၇၅ ဦး၊ လာအို နှစ်ဦးနှင့် ထိုင်းနိုင်ငံသား ၄၉ ဦး စုစုပေါင်း ၂၈၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းလဝက က ထုတ်ပြန်သည်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အလုပ်သမားများသည် တရားမဝင်ဝင်ရောက်လာမှု၊ အလုပ်လုပ်ကိုင်ခွင့်ကျော်လွန်နေထိုင်မှု၊ ခွင့်ပြုချက်မရှိသော အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေမှု၊ ဧည့်စာရင်းမတိုင်မှုနှင့် အခြားအမှုများဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန်ထားသည်။

ထိုင်နိုင်ငံသားများမှာမူ နိုင်ငံခြားသားအလုပ်သမားများကို တရားမဝင်ခန့်အပ်ထားမှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

အလုပ်ရှင်နှင့် အလုပ်သမားများကို စုစုပေါင်း ဘတ်နှစ်သိန်းခွဲခန့် ဒဏ်ငွေချမှတ်ထားပြီး အားလုံးကို ဖမ်းဆီးထားကာ ဥပဒေအရဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းလဝက၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တရားမဝင် နိုင်ငံခြားသားအလုပ်သမားများအား ဖမ်းဆီးနှိမ်နှင်းရေးကို နိုင်ငံတော်ရဲတပ်ဖွဲ့က ဦးဆောင်ကာ စမွတ်ပရကန်ခရိုင်အပြင် အခြားခရိုင်များတွင်လည်း ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကိုတွေ့ရှိပါက သတင်းပို့တိုင်ကြားရန်လည်း ထုတ်ပြန်ထားသည်။

လတ်တလော အလုပ်လုပ်ခွင့်လက်မှတ် မဖွင့်သေးသောအချိန် ထိုင်းနိုင်ငံတစ်ဝန်း ဆောက်လုပ်ရေးအပါအဝင် လုပ်ငန်းခွင်များထဲ ဝင်ရောက်စစ်ဆေးဖမ်းဆီးမှု ပိုများနေသဖြင့် ထိုင်းရောက်မြန်မာနိုင်ငံသားများ အထူးသတိပြုနေထိုင်ကြရန် အလုပ်သမားအဖွဲ့အစည်းများကလည်း တိုက်တွန်းထားသည်။

Ref: Khaosod English, ดาวแปดแฉก