BREAKING
December 23, 2024

ထားဝယ် ရောင်းမော်ရွာက နေအိမ်အချို့မီးရှို့ခံရ

November 7, 2024

ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာက ပျူစောထီးများ၏ နေအိမ်ခုနစ်လုံးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း အနီးဝန်းကျင်ရွာက ဒေသခံအချို့နှင့် ပူးပေါင်းတပ်ဖွဲ့တွင် ပါဝင်သူအချို့၏ ပြောဆိုချက်များအရ သိရသည်။

နိုဝင်ဘာလ ၃ ရက်တွင် ရောင်းမော်ရွာက ပျူစောထီးအိမ်များကို ဝင်ရောက်စီးနင်းရှာဖွေခြင်း၊ ရောင်းမော်ရွာအနီးက ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကနိုင်းဒါရွာက လောင်းကစားဝိုင်းကို ဝင်ဖမ်းခြင်းတို့ကို တစ်ပြိုင်နက် လုပ်ဆောင်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်ပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာလ ၆ ရက်တွင် ပြောသည်။

ရောင်းမော်ရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးအေးဝင်း၏ နေအိမ်အပါအဝင် ပျူစောထီးတပ်ဖွဲ့ဝင် နေအိမ်ခုနစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။

ပူးပေါင်းတပ်ဖွဲ့ရွာထဲဝင်လာစဉ် ပျူစောထီးတပ်ဖွဲ့ဝင်အချို့က သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားပြီး ပျူစောထီးနေအိမ်သုံးလုံးတွင် လက်လုပ်သေနတ်အပါအဝင် သေနတ်ခုနစ်လက်ရရှိခဲ့ကြောင်း အထက်ပါတပ်ဖွဲ့က ပြောဆိုသည်။

“ရောင်းမော်ရွာမှာ မီးရှို့တာ အကုန်လုံးခုနစ်ဆောင်ပေါ့နော်။ အားလုံးက ပျူအိမ်တွေပေါ့” ဟု ၎င်းက ပြောသည်။

ရောင်းမော်ရွာ အနီးဝန်းကျင်ရွာက ဒေသခံအမျိုးသားတစ်ဦးကလည်း ပျူစောထီးခေါင်းဆောင် ဦးအေးဝင်းနှင့် ပျူစောထီးအဖွဲ့ဝင်များ၏ နေအိမ်များ မီးရှို့ခံရကြောင်း နိုဝင်ဘာလ ၄ ရက်က ပြောဆိုသည်။

ရောင်းမော်ရွာက ပျူစောထီး၏ နေအိမ်များကို မီးရှိုခဲ့သည့်အပြင် ကနိုင်းဒါရွာက လောင်းကစားဝိုင်းကိုလည်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ပူးပေါင်းတပ်တွင်ပါဝင်သည့် အခြားတပ်ဖွဲ့တစ်ခုက တပ်ဖွဲ့ဝင်တစ်ဦးကလည်း ဆိုသည်။

ပျူစောထီး နေအိမ်များကို ဝင်ရောက်ရှာဖွေစီးနင်းချိန်တွင် အချို့အိမ်များတွင် မိသားစုဝင်များရှိနေပြီး အချို့အိမ်များတွင် လူမရှိကြောင်း ၎င်းက ပြောသည်။

မီးရှို့ခံရသည့် နေအိမ်ပိုင်ရှင်များကို ဆက်သွယ်မေးမြန်းရန်ကြိုးစားနေသော်လည်း အဆက်အသွယ် မရသေးပေ။

ကနိုင်းဒါရွာက လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးမှုတွင် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦး၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူနှစ်ဦး၊ Honda Fit ကားတစ်စီး၊ ဆိုင်ကယ် ၁၀ ခန့်နှင့် လောင်းကစားဝိုင်းက ရွှေထည်လက်ဝတ်ရတနာ တစ်ကျပ်သားခန့်၊ ငွေကျပ် ၃၅ သိန်းခန့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်းထံမှ သိရသည်။