BREAKING
January 22, 2025

ထိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာသုံးဦးအပါအဝင် လေးဦးသေဆုံး

November 7, 2024

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများလိုက်ပါလာသည့်ကား စူရတ်ဌာနီခရိုင်တွင် ကားတိုက်မှုဖြစ်ပွားပြီး မြန်မာသုံးဦးနှင့် ကားမောင်းသူတို့ သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက ထာ့ချနဒေသ အမြန်လမ်းမပေါ်တွင် မြန်မာနိုင်ငံသားများလိုက်ပါလာသော အလုံပိတ် ပစ်ကပ်ကားက အရှေ့တွင်မောင်းနေသော ၁၈ ဘီးတပ် ကုန်တင်ကားကို အရှိန်ဖြင့်ဝင်တိုက်မိကြောင်း ဖော်ပြသည်။

ကားတိုက်မှုကြောင့် ကားမောင်းသူနှင့် မြန်မာနိုင်ငံသားနှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူတို့က ပြောသည်။

နောက်ထပ် မြန်မာနိုင်ငံသား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၀ ဦးတို့မှာ ထိခိုက်ဒဏ်ရာရသဖြင့် အနီးရှိဆေးရုံများသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

ဆေးရုံပို့ဆောင်နေစဉ် မြန်မာတစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ လေးဦးအထိ ရှိခဲ့သည်။

အနီးအနားကို ရှာဖွေစစ်ဆေးရာ လမ်းဘေးရှိ တောထဲတွင် ပုန်းနေသော နောက်ထပ်မြန်မာနိုင်ငံသား နှစ်ဦးကိုလည်း ထပ်မံတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။

မြန်မာနိုင်ငံသားများကို ဘန်ကောက်မြို့မှတစ်ဆင့် ထိုင်းတောင်ပိုင်း ဖတ်ထလူခရိုင်သို့ ပို့ဆောင်စဉ် ကားတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ပစ်ကပ်ကားမောင်းသူသည် ကားမောင်းနေစဉ် အိပ်ပျော်ခြင်း သို့မဟုတ် အရှိန်မထိန်းနိုင်အောင် အမြန်မောင်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။

ကားတိုက်မှုဖြစ်ပွားသည့် အကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများကိုလည်း ဆက်လက်မေးမြန်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သော အောက်တိုဘာလကလည်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား ၁၈၀ ကျော် ဖမ်းဆီးခံရပြီး အလုံပိတ်ကားထဲ အသက်ရှူကျပ်မှုကြောင်း သုံးဦး သေဆုံးခဲ့သေးသည်။

Ref: Bangkok Post, Khaosod, Matichon Online