BREAKING
December 23, 2024

စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့သည့် ဥတ္တူရွာတွင် ဘုံကထိန်အလှူပျက်

November 7, 2024

ပုံစာ - ဥတ္တူရွာ ဘုန်းတော်ကြီးကျောင်း (ပုံဟောင်း)

စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့သည့် သရက်ချောင်းမြို့နယ် ဥတ္တူရွာတွင် ဘုံကထိန်အလှူကို ဖျက်သိမ်းလိုက်ကြောင်း ဥတ္တူရွာက ရဟန်းတစ်ပါးနှင့် ဒေသခံတို့က ပြောသည်။

နိုဝင်ဘာလ ၆ရက်တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားသည့် ဒုတိယကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ခင်းအလှူကို ရက်ရွှေ့ခြင်း မလုပ်တော့ဘဲ ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အပြီးဖျက်လိုက်တာပါ။ ရွာထဲမှာ တည်တည်ငြိမ်ငြိမ် မရှိလို့ပါ။ ရွာကလူတွေလည်း တခြားနေရာတွေကို ရောက်နေကြလို့ပါ” ဟု ဥတ္တူရွာက ရဟန်းတစ်ပါးက မိန့်ကြားသည်။

အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်းက ကထိန်ခင်းအလှူလုပ်နေသည့် ဥတ္တူရွာကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးခဲ့ခြင်းဖြစ်သည်။ အလှူတွင် ကူညီလုပ်ကိုင်ပေးနေသည့် အိုးသူကြီးအမျိုးသမီးကြီးများ အပါအဝင် ဒေသခံဆယ်ချီကို နှစ်ရက်ခန့် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး နေအိမ်နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းအပြင် သရက်နှစ်ခွရွာမှ ဥတ္တူရွာကို ဆိုင်ကယ်ဖြင့်လာသည့် ရန်တောင်ရွာသား အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦး ကိုလည်း သရက်နှစ်ခွနှင့် ဥတ္တူရွာချင်းဆက်လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သတ်ဖြတ် အလောင်းဖျောက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း ဥတ္တူရွာက ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအားလုံး ရွာကို ပြန်မရောက်သေးကြောင်း ဒေသခံအချို့က ဆိုသည်။

“(ကထိန်ခင်းအလှူအတွက်) ဖိတ်စာတွေလည်း အားလုံးဝေထားပြီးပြီ။ အခြေအနေမကောင်းလို့ အလှူပွဲကို ဖျက်လိုက်တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပွင့်လင်းရာသီတွင် အလှူပွဲများ၊ မင်္ဂလာပွဲများဖြင့် စည်ကားလေ့ရှိသည့် ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ထိုးမှုကြောင့် အလှူပွဲပျက်၊ မင်္ဂလာပွဲ ဖျက်သိမ်းရမှုများ ရှိနေသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း လောင်းလုံး မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ကထိန်ခင်းအလှူပွဲများ ဖျက်သိမ်းခဲ့ရသည်။