သုံးနှစ်ဆက်တိုက် ရပ်နားထားသည့် မြိတ်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအား ယခုနှစ်တွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း မြိတ်မြို့နယ် ဗုဒ္ဓဘာသာအသင်းကြီးထံမှ သိရသည်။
မြိတ်တွင် ကိုဗစ်ကပ်ဘေးဖြစ်ပေါ်ပြီးနောက် ၂၀၂၀ ခုနှစ်မှစပြီး ၂၀၂၂ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် နှစ်ကျိပ် ရှစ်ဆူဘုရား ပူဇော်ပွဲ ရပ်နားထားခဲ့သည်။
ယခုနှစ်တွင်လည်း ကနဦးတွင် ပွဲမကျင်းတော့ဟုဆုံးဖြတ်ထားခဲ့ပြီးမှ ပြန်လည်ပြင်ဆင်ဆုံးဖြတ်ကာ ပွဲကိုပြန်ကျင်းပရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာအသင်းကြီး၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ထားဝယ်ကရော ကျင်းပတယ်။ ကော့သောင်းကလည်း ကျင်းပတာဆိုတော့ မြိတ်မှာလည်း ကျင်းပသင့်တယ်ဆိုပြီး မဖြစ်မနေ ကျင်းပရတာပါ” ဟု ၎င်းက ယနေ့ နိုဝင်ဘာလ ၇ရက်တွင် ပြောဆိုသည်။
ကနဦးတွင် အသင်းကြီး၏ ဥက္ကဋ္ဌဖြစ်သူ ဦးလှမောင်၏ နာရေးကိစ္စနှင့် အခြားအကြောင်းအရာများရှိသဖြင့် ပွဲမကျင်း ပတော့ဟု ဆုံးဖြတ်ထားကြောင်း အသင်းဝင်တစ်ဦးက အောက်တိုဘာလ ၂၄ရက်က Dawei Watch သို့ ပြောဆိုခဲ့ သည်။
နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲအား မကျင်းရန်ဆုံးဖြတ်ပြီး အချိန်နီးမှ ကျင်းပရန် ပြန်လည်ဆုံးဖြတ်ရခြင်းသည် စစ်ကောင် စီက ပွဲအား မဖြစ်မနေလုပ်ရမည့်အမိန့်ကြောင့် လုပ်ရခြင်းဖြစ်ကြောင်း ရပ်ကွက်အချို့ရှိ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲ ကျင်းပရေး ဂေါပက အဖွဲ့ဝင်အချို့က ဆိုသည်။





“အဓိကက ပွဲစည်အောင် လုပ်ခိုင်းတဲ့သဘောပါပဲ။ ဘာသာရေးဆိုတော့ ရှောင်လွှဲလို့မရတဲ့ အနေအထားပါ။ ပွဲလုပ် ပေမယ့် အရင်လိုတော့ မစည်းကားနိုင်ပါဘူး” ဟု ရပ်ကွက်တစ်ခုမှ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
နှစ်ကျိပ်ရှစ်ဆူဘုရားတို့အား ဘုရားငါးဆူကွင်းတွင် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက် (တန်ဆောင်းမုန်းလပြည့်နေ့) အထိ နေ့စဉ် နံနက် ၆ နာရီမှ ည ၁ဝနာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဗုဒ္ဓဘာသာအသင်းကြီးထံမှ သိရသည်။
“မြို့ မလှည့်တော့ပါဘူး။ ကွင်းထဲမှာပဲ သုံးရက် အပူအဇော်ခံပါမယ်” ဟု ဗုဒ္ဓဘာသာအသင်းကြီး၏ အသင်းဝင်က ပြောသည်။
ထို့အပြင် ရပ်ကွက်အလိုက် ပူဇော်မည့် ဘုရားတို့အား နိုဝင်ဘာလ ၆ ရက်နေ့က မဲနိုက်ရွေးချယ်ခဲ့ကြောင်း ရပ်ကွက် နေသူ အချို့ထံမှ သိရသည်။
ယင်းကဲ့သို့ မဲနိုက်ရွေးချယ်ရာတွင် ဘုရားပူဇော်ပွဲအတွက် လိုအပ်သည့်ပြင်ဆင်မှုပြုလုပ်သည့်အချိန် နည်းပါးခြင်းနှင့် အခြားအကြောင်းအရာတို့ကြောင့် ရပ်ကွက်အချို့ တက်ရောက်ခြင်းမရှိခဲ့ကြောင်း အထက်ပါ အသင်းဝင် က ဆက်လက်ပြောဆိုသည်။
ယခင်က နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကျင်းပရာတွင် သက်ဆိုင်ရာ ဘုရားမဲပေါက်သည့် ပွင့်စဉ်ဘုရားတို့အား ရပ်ကွက် အတွင်း ခုနှစ်ရက်အထိ ပူဇော်ခံပြီးမှ ဘုရားငါးဆူကွင်းသို့ ပို့ဆောင်ကြပြီး ကွင်းတွင် သုံးရက်မှ ငါးရက်အထိ ထပ်မံ အပူဇော်ခံကာ တန်ဆောင်မုန်းလပြည့်ညတွင် ညလုံးပေါက် မြို့လှည့်ပူဇော်လေ့ရှိကြသည်။
ယခုနှစ်တွင် ကျင်းပမည့် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲသည် ၉၃ ကြိမ်မြောက် ဖြစ်သည်။