BREAKING
September 20, 2024

သထုံတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကလေးသုံးဦးသေဆုံး

November 7, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကင်မွန်းချုံကျေးရွာတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကလေးသုံးဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

နိုဝင်ဘာလ ၅ ရက် ညနေ ၃ နာရီခန့်က ကင်မွန်းချုံကျေးရွာအရှေ့ဘက်ရှိ လယ်ကွင်းတွင် နွားစာမြက် ရိတ်သွားသည့် အသက် ၁၃ နှစ်အရွယ် ကလေးသုံးဦးသည် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

အဆိုပါ ကလေးသုံးဦး၏ ရုပ်အလောင်းတို့ကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက ကင်မွန်းချုံကျေးရွာရှိ သုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

မိုင်းနင်းမိပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှုများ ရှိလာသဖြင့် လက်ရှိတွင် ဒေသခံပြည်သူများ ရွာပြင်ထွက် သွားလာရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီဘက်မှာ အဲဒီလိုမျိုး မိုင်းနင်းမိတာတို့ ပေါက်ကွဲတာတို့ မရှိဖူးတော့ ထိတ်လန့်နေကြတာပေါ့။ အခုဆိုရင် ရွာအရှေ့ဘက်က လယ်ကွင်းဘက်ဆို ဘယ်သူမှ မသွားရဲကြတော့ဘူး” ဟု ၎င်းဒေသခံက ပြောဆိုသည်။

ယခုပေါက်ကွဲသည့် မြေမြှုပ်မိုင်းကို မည်သည့်အဖွဲ့က ထောင်ထားသည်ကို မသိရသေးပေ။

မြေမြှုပ်မိုင်းနင်းမိသည့် ကင်မွန်းချုံကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့လည်း လှုပ်ရှားသွားလာနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာတွင်လည်း နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၃ နာရီခန့်က ဦးဝင်းဇော်ဆိုသူသည် ရော်ဘာအစေးခြစ်ရန် ဆိုင်ကယ်ဖြင့်အသွား တောလမ်းတစ်နေရာတွင် မြေမြုပ်မိုင်းနင်းမိပေါက်ကွဲသဖြင့် မိုင်းစထိမှန် ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပွားနေသည့် မွန်ပြည်နယ် သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ရေးမြို့နယ်တို့တွင် အရပ်သားများ မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် မွန်ပြည်နယ်တွင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ခြေထောက်ပြတ်တောက် ဒဏ်ရာရသူရှိသလို အခြားထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။