ထားဝယ်ခရိုင် နဘုလယ်ဒေသထွက် မီးသွေး ယခုလအတွင်းဈေးတက်လာကြောင်း ထားဝယ်ဒေသရှိ အိမ်ရှင်မများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လဝန်းကျင်က နဘုလယ်ဒေသထွက် ရိုးရိုးမီးသွေးတစ်အိတ်ကို ကျပ်လေးထောင်ကျော်ဈေးရှိရာမှ ယခု နိုဝင်ဘာလတွင် ခြောက်ထောင်ခန့်ဖြစ်လာကြောင်း ထားဝယ်မြို့နယ်ရှိ အိမ်ရှင်မတစ်ဦးကပြောသည်။
“သူတိုဘက်မှာ တိုက်ပွဲတွေဖြစ်နေကြတော့ မလာတာကြာပြီ။ အခုဝယ်ရတဲ့ဈေးက အမြင့်ဆုံးပါပဲ” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ် ဒေသတွင် တစ်ပိုင်တစ်နိုင်မီးသွေးလုပ်ငန်းလုပ်သည့် ရေဖြူမြို့နယ် နဘုလယ်ဒေသက ခမောင်းချောင်း၊ ဝါးဇွမ်းတော၊ ဧကနိရွာကဒေသခံများသည် ပြီးခဲ့သည့် သုံးလအတွင်း စစ်ပွဲတွေ မတည်ငြိမ်မှုတွေကြောင့် မကြာခဏ အိုးအိမ် စွန်ခွာထွက်ပြေးရသဖြင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများကို ရပ်နားခဲ့ကြရသည်။
“အဲဒီတုန်းကတော့ ကွမ်းသီးလည်း မကောက်နိုင်ဘူး။ မီးသွေးလည်း မထုတ်နိုင်ဘူး” ဟု နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။
အောက်တိုဘာလ နောက်ဆုံးပတ်တွင် စစ်ကြောင်းများပြန်လည်ဆုတ်ခွာသွားသည့်အတွက်ကြောင့် ဒေသခံများမှာ မီးသွေးဖုတ်လုပ်ငန်းများ၊ ကွမ်းသီးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ကြခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှသိရသည်။
မီးသွေး အသုံးများလာခြင်း၊ အခြားတစ်ဖက်တွင် မီးသွေးအထွက်နည်းလာခြင်းတို့ကြောင့် ဈေးတက်လာခြင်း ဖြစ်ကြောင်း မီးသွေးလုပ်ငန်းလုပ်ကိုင်သူတို့မှ သိရသည်။
စစ်ရေးပဋိပက္ခကြောင့် ပြည်ပထွက် လုပ်ကိုင်သူများလာသည့် အတွက် လုပ်သားရှားပါးလာခြင်း အများစုမှာ နွေရာသီတွင် ဝင်ငွေရကောင်းသည့် ကွမ်းသီး၊ ရော်ဘာ လုပ်ငန်းများသို့ ကူးပြောင်းလုပ်ကိုင်ကြသောကြောင့် တစ်နိုင်တစ်ပိုင် မီးသွေးလုပ်သူ နည်းပါးလာကြောင်း ဒေသခံတို့ထံမှ သိရသည်။
ထို့အတူ ထားဝယ် ဒေသတွင် လျှစ်စစ်မီတာခမှာ တစ်လထက်တစ်လ ဈေးပိုတက်လာတာကြောင့် အိမ်ရှင်မ အချို့မှာ လျှစ်စစ်မီးတစ်လှည့် မီးသွေးတစ်လှည့် အသုံးပြလာကြောင်း အိမ်ရှမ်များထံမှ သိရသည်။
“မီးက ခဏခဏပျက်နေတော့ မီးသွေး လည်းဝယ်ထားရတယ်” ဟု လောင်းလုံးမြို့နယ်က အိမ်ရှင်မ တစ်ဦးက ပြောသည်။
ထားဝယ်ဒေသတွင် ယခုနှစ် မေလမှ စက်တင်ဘာလအထိ လျှပ်စစ်မီတာခ တစ်ယူနစ်ကို ၁၂ ကျပ် ဈေးတက်သွား သည်။ ပြီးခဲ့မေလလက လျှပ်စစ်သုံးစွဲခ တစ်ယူနစ် ကို ၃၉၈ ကျပ်မှ စက်တင်ဘာလ တွင် ၄၁၀ ကျပ်ဖြစ်သွား ခဲ့သည်။