ဒီရွေးကောက်ပွဲမှာ လူကောင်းတွေကိုပဲ ရွေးပြီး မဲပေးမယ်ဆိုတာတွေ ကြားရတဲ့အခါ နောက်ဆက်တွဲ စဉ်းစားမိတာတွေ ရှိလာပါတယ်။
တကယ်တော့ ဒီဟာက ဘာမှ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း ဒီလိုပါပဲ။ ကောင်းမယ်ထင်တဲ့သူ၊ ကောင်းမယ်ထင်တဲ့ ပါတီကို မဲပေးခဲ့ကြတာချည်းပါပဲ။
လက်ရှိ ရွေးကောက်ခံထားရတဲ့သူတွေဟာ မရွေးကောက်ခင်တုန်းက လူ ကောင်းတွေလို့ အထင်ခံခဲ့ရသူတွေပါပဲ။ ပြီးတော့မှ ကိုယ်ထင်ထားသလို ဖြစ် မလာတာ။ တချို့တွေက ဖောက်ပြန်သွား ကြတာဖြစ်ပါတယ်။
အခုလူတွေရော ရွေးကောက်ခံပြီးသွားရင် ဘယ်လောက် စိတ်ချရမှာလဲ။ အဲဒီလိုစဉ်းစားကြည့်ရင် အာမခံချက်ရှိ မနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်သူကတော့ ပိုကောင်းမယ်ဆိုတဲ့ အထင်နဲ့ပဲ ကျွန်တော်တို့ဟာ မဲပေးဖို့ စဉ်းစားကြရတာဖြစ်ပါတယ်။
အထင်ဆိုတာကတော့ အထင်ပဲ။ သေချာမနေပါဘူး။ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပေးတာက ကောင်းမယ်ထင်လို့ မဲပေးလိုက်ကြတယ်။ ပြီးတော့မှ ဒီလူက ငါတို့ မျှော်လင့်သလို မဟုတ်ပါလားဆို တာမျိုး ခံစားမိတာမျိုး မကြာခဏ ကြုံဖူး ကြပါလိမ့်မယ်။
ဒါဖြင့် ဘယ်သူ့ကို မဲပေးရမလဲဆိုပြီး ခေါင်းရှုပ်သွားနိုင်ပါတယ်။ ကောင်းမယ်ထင်တဲ့သူကို ပေးရုံပါပဲ။
ပြဿနာက အထဲရောက်သွားတဲ့သူတွေကို ထိန်းချုပ်ဖို့၊ ပဲ့ကိုင်ဖို့ အခြေအနေ တွေ ရှိမနေတာပဲ။
ကျွန်တော်တို့ဟာ သူတို့ကို လွှတ်တော်ထဲ၊ အစိုးရထဲကို တွန်းပို့လိုက်ကြတယ်။ ကျွန်တော်တို့ ဖြစ်ချင်တာတွေအတွက် ကျွန်တော်တို့ကိုယ်စား သူတို့ကို စေလွှတ်လိုက်ကြတာ။ သူတို့ကိုယ်တိုင်ကလည်း သူတို့ကို တာဝန်ပေးဖို့ လိုလိုလားလား တောင်းခံခဲ့ကြတာမလား။ ဒါပေမဲ့ အထဲရောက်သွားရင်တော့ ကျွန်တော်တို့ဟာ သူတို့ကို ထိန်းဖို့ ခက်သွားတတ်ပါတယ်။ (ပြောင်းပြန်အားဖြင့် သူတို့ကတောင် ကိုယ့်ကို ပြန် ထိန်းဖို့ ကြိုးစားတတ်တာမျိုးကိုတောင် ကြုံရနိုင်ပါတယ်။) ကျွန်တော်တို့ စိတ်ပူစရာကောင်းတာက အဲဒီကိစ္စပါ။
ကျွန်တော်တို့ဟာ သူတို့ကို ထိန်းကိုင်နိုင်တဲ့အခြေအနေတွေ ရှိနေဖို့ လိုအပ်ပါတယ်။ လူဆိုတာ စိတ်နဲ့၊ ဆန္ဒနဲ့၊ လိုအင်တွေကိုယ်စီနဲ့ပါ။ ဒီတော့လည်း ပြောင်းလဲတတ်၊ ဖောက်ပြန်တတ်ကြပါတယ်။ အာဏာနဲ့ လုပ်ပိုင်ခွင့် တာဝန်တွေ ရှိနေသူတွေအတွက် အဲဒီလိုဖြစ်အောင် ဆွဲဆောင်မယ့်၊ ဖြားယောင်းမယ့် သူတွေကလည်း တန်းစီစောင့်ဆိုင်းနေပါတယ်။ ထိုင်ခုံတွေဆိုတာဟာ လူ့စိတ်ကို ပြောင်းလဲစေဖို့ ကြီးမားတဲ့ စွမ်းအားတွေ ရှိနေတဲ့အရာတွေ ဖြစ်ပါတယ်။
လူကောင်းလို့ ထင်ရတဲ့သူကို ကိုယ်တွေက ရွေးချယ်ပေးလိုက်တယ်ဆိုပေမဲ့ လည်း ထိန်းမယ့်ယန္တရားတွေ ရှိမနေရင် အဲဒီဖြားယောင်းမှုတွေနောက်ကို ပါသွား ကြတတ်ပါတယ်။ ပြီးခဲ့တဲ့သက်တမ်းအတွင်းမှာ အဲဒီလိုဖြစ်ရပ်မျိုးတွေ များစွာကို တွေ့မြင်ဖူးကြပါလိမ့်မယ်။ စီးပွားရေးသမားတွေနဲ့ လက်ဝါးချင်းရိုက်နေတာ၊ လုပ်ငန်းရှင်တွေရဲ့ အိတ်ထောင်ထဲ ဝင်သွားတာ စတာမျိုးတွေပါ။
ဆိုတော့ အဲဒီလိုမဖြစ်အောင် ထိန်းကိုင်ထားမယ့် အဖွဲ့အစည်းတွေ၊ ယန္တရားတွေ ရှိနေဖို့ လိုပါတယ်။
အဲဒီလို ထိန်းဖို့ နည်းလမ်းမျိုးစုံရှိမှာ ဖြစ်ပေမဲ့ အဲဒါတွေထဲက ထိရောက်တဲ့ လက်နက်တစ်ခုကတော့ မီဒီယာပါပဲ။ ဥပဒေကိုမကြောက်၊ ဘာကိုမှ အကြောက်အလန့် မရှိတော့တဲ့သူတွေဟာ မီဒီယာကိုတော့ ကြောက်နေတတ်ကြသေးပါတယ်။
ခက်တာက လက်ရှိမှာလည်း မြန်မာပြည်က မီဒီယာတွေမှာက အားနည်းချက်တွေ များပါတယ်။ ဒီကြားထဲမှာပဲ အစိုးရရဲ့ အကန့်အသတ်တွေကလည်း ရှိနေသလို တရားစွဲဆိုမှုတွေလိုမျိုး ခြိမ်းခြောက်တာတွေလည်း ရှိနေပြန်ပါတယ်။
အဲဒီအခြေအနေတွေကြောင့် မရေး ရဲ၊ မပြောရဲ၊ မဖော်ထုတ်ရဲဖြစ်သွားတဲ့ အခါ ဒီလိုနဲ့ပဲ လူကောင်းတွေလို့ တစ်ချိန်က ထင်ခဲ့ရသူတွေဟာ ထင်ရာလုပ်ခွင့် ရသွားကြပါတယ်။
အခုလည်း လူကောင်းဆိုတဲ့သူတွေကို ရွေးကြပြန်ဦးမယ်။ အဲဒီလူကောင်းတွေဟာ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ရသွားရင် သူတို့ရဲ့ကောင်းမွန်မှုကို ဘယ်လောက်ထိ တောင်ခံနိုင်ပါ့မလဲ။ ဒါဟာ စိတ်ပူစရာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲမှာ မဲဆွယ်ကတိတွေ တွင်တွင်ပေးထားကြမှာဖြစ်ပါတယ်။ အနိုင်ရကိုယ်စားလှယ်အနေနဲ့ အဲဒီကတိတွေ တည်ဖို့ဆိုရင် သူ့ကို စောင့်ကြပ် ထိန်းကျောင်းနေမယ့် အဖွဲ့အစည်းတွေ၊ ယန္တရားတွေ ရှိနေဖို့ လိုပါတယ်။ လွယ်ရင် သူကြွယ်တောင် သူခိုးဖြစ်တယ်ဆိုတဲ့ စကားပုံရှိတာပဲ။
လာမယ့်ရွေးကောက်ပွဲအလွန် ဒါမှမဟုတ် အစိုးရအသစ်လက်ထက်မှာ မီဒီယာတွေအပါအဝင် အဲဒီလို ထိန်းကျောင်းတည့်မတ်၊ စောင့်ကြပ်တဲ့ အင်အားစုတွေ ပိုပြီး အားကောင်းလာစေဖို့အတွက် ရေခံမြေခံကောင်းတွေ ပေါ် ပေါက်လာပါစေလို့ပဲ မျှော်လင့်ရပါတယ်။
ကျွန်တော်တို့ဟာ လူကောင်းကို ရွေးချယ်လိုက်ရုံနဲ့ မပြီးသေးပါဘူး။ နောက်တစ်ဆင့်ဖြစ်တဲ့ အဲဒီကိစ္စကိုလည်း အလေးထားဖို့ လိုပါတယ်။ မီဒီယာတွေ အားကောင်းဖို့၊ စောင့်ကြပ်တဲ့ အင်အားစုတွေ အားကောင်းဖို့ဆိုရင် အနိုင်ရတဲ့ ပါတီနဲ့ အစိုးရအဖွဲ့ကလည်း အားပေးဖို့လိုမှာဖြစ်သလို လူထုအနေနဲ့ ကလည်း ကိုယ့်လူ၊ သူ့ဘက်သား ခွဲခြား မနေဘဲနဲ့ တစ်စုံတစ်ယောက် မဟုတ်မဟတ်တာလုပ်နေရင် မျက်နှာလွှဲမထားဘဲ အော်ပေး၊ လက်တို့နေပေးဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။
မဟုတ်ရင်တော့ သူတို့ဆီက ကတိတွေတည်ဖို့ သိပ်ပြီး မမျှော်လင့်နိုင်ပါဘူး။
ကန့်မောင်တာ