BREAKING
October 18, 2024

ထားဝယ်-ရန်ကုန် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

October 7, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာအနီး သံဖြူဇရပ်-ရေး-ထားဝယ် ကားလမ်းတွင် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့က ခရီးတင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ခရီးသည်အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်ဘက်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရွှေစင်စင်္ကြာ ခရီးတင်မှန်လုံယာဉ်သည် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က အေးကမ္ဘာကျေးရွာအနီးတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ခရီးသည်တင်မှန်လုံကား ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် ရန်ကုန်တိုင်းဒေသကြီးက အသက် ၃၀ နှစ်အရွယ် မနွယ်ရီလင်း၏ ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။

“ပစ်ခံရတဲ့ကားက ထားဝယ်ကနေ တက်လာတဲ့ကားပါ။ အေးကမ္ဘာရွာအနားမှာ ဖြစ်သွားတာပါ။ လူကတော့ တစ်ဦး ထိသွားတယ်လို့ သိရတယ်။ အဲဒီနေရာတဝိုက်က ပစ်ခတ်မှုတွေ ခဏခဏဖြစ်တယ်လေ။ စစ်သားတွေလည်း ရှိနေတယ်။ ပြီးတော့ PDF ဘက်ကလည်း စစ်ဆေးနေတာရှိနေတော့ ပစ်ခတ်မှုက ခဏခဏဖြစ်နေတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို လူမှုကူညီရေးအသင်း၏ အကူအညီဖြင့် သံဖြူဇရပ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။

ဒေသခံတို့အဆိုအရ အဆိုပါလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့လည်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။

ရေး- သံဖြူဇရပ်ကားလမ်းတစ်လျှောက်တွင် ခရီးသည်တင်ကား၊ အိမ်စီးကား၊ ကုန်တင်ကားနှင့် ဆိုင်ကယ် ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး လူထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။