BREAKING
January 11, 2025

မလေးရှားတွင် အမျိုးသမီးအသွင် ဝတ်ဆင်သည့် နိုင်ငံခြားသားနှစ်ဦး ရင်းဂစ် ၅,၀၀၀ စီ ဒဏ်ငွေတပ်ခံရ

October 7, 2024

နိုင်ငံခြားသားအမျိုးသားနှစ်ဦးသည် မသင့်လျော်စွာ ဝတ်စားဆင်ယင်ပြီး အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေမှုဖြင့် ဒဏ်ငွေ ရင်းဂစ် ၅,၀၀၀ စီ ပေးဆောင်ရန် ဒဏ်ငွေချမှတ်ခံလိုက်ရသည်။

သောကြာနေ့က အငြင်းပွားစရာ လမ်းလျှောက်ပွဲတော်တစ်ခုတွင် အမျိုးသမီးအဝတ်အစားများ ဝတ်ဆင်မှုဖြင့် အဆိုပါ အမျိုးသားနှစ်ဦး စွဲချက်အတင်ခံခဲ့ရပြီးနောက် ယင်းသို့ အပြစ်ဒဏ်ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။

ရာဇဝတ်မှုအဖြစ် မလေးရှားနိုင်ငံ ပြစ်မှုဆိုင်ရာရာဇဝတ်ဥပဒေ ပုဒ်မ ၂၉၄ အရ အများပြည်သူမြင်ကွင်းတွင် မဖွယ်မရာပြုမူခြင်းကို ရာဇဝတ်မှုအဖြစ် ပြဌာန်းထားသည်။ ၎င်းပြစ်မှုကြောင့် ထောင်ဒဏ် သုံးလဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) နှစ်ခုစလုံး အကျခံရနိုင်သည်။

အဆိုပါနိုင်ငံခြားသားနှစ်ဦး၏ လုပ်ရပ်သည် အများပြည်သူကြား မကျေနပ်မှုကို ဖြစ်ပေါ်စေသည့်အတွက် ပိုမိုကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ရန် တရားသူကြီးတစ်ဦးက တောင်းဆိုခဲ့သည်။ ပြစ်မှုကျူးလွန်သူ နိုင်ငံသားနှစ်ယောက်နှင့် ဒေသခံများကပါ မလေးရှားနိုင်ငံ၏ လူမှုစံနှုန်းများကို လေးစားလိုက်နာသင့်ကြောင်း သင်ခန်းစာရစေရန် ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ကျွန်တော့်အနေနဲ့ မလေးရှားနိုင်ငံသားတွေနဲ့ မလေးရှားလူမျိုးတွေကို တောင်းပန်လိုပါတယ်” ဟု စီရင်ချက်အချခံရသူ အသက် ၆၆ ရှိ ထိုင်ဝမ်နိုင်ငံသား Mr. Arthur Wang က ပြောသည်။ အလားတူအမှားမျိုး နေက်ထပ်မလုပ်ဆောင်ရန် ကတိပေးပြိး ၎င်းသည် အလုပ်လက်မဲ့တစ်ဦးဖြစ်ကြောင်းကို ထပ်လောင်းပြောကြားခဲ့သည်။

အသက် ၇၀ ရှိ အိန္ဒိယနိုင်ငံသား Mr. Satyanarayana Prasad Papoli က ယခုကဲ့သို့ ပွဲတော်မျိုးတွင် အမျိုးသားများက အမျိုးသမီးအဝတ်အစားများ ဝတ်ဆင်သည်မှာ ထူးဆန်းသည့်အရာမဟုတ်ကြောင်း၊ ၎င်းသည် ရှေ့နေဟောင်းတစ်ယောက်ဖြစ်ပြီး နှလုံးရောဂါခံစားနေရသူ ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့နောက် တရားရုံးက အဆိုပါ အမျိုးသားတစ်ယောက်ချင်းစီကို ဒဏ်ငွေအဖြစ် ရင်းဂစ် ၅,၀၀၀ (ကန်ဒေါ်လာ ၁,၂၀၀) စီ ပေးဆောင်ရန် ၊ ဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်တစ်လအကျခံစေရမည်ဟု စီရင်ချက်ချခဲ့သည်။ အဆိုပါ အမျိုးသားနှစ်ယောက်စလုံးက ဒဏ်ငွေကိုယ်စီပေးဆောင်ခဲ့ကြသည်။

Ref: The Star