BREAKING
October 16, 2024

ထိုင်းတွင် ရက် ၁၂၀ စီမံချက်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ ၁၃၀၀ နီးပါးဖမ်းဆီးခံရ

October 7, 2024

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်အတွင်း လုပ်ငန်းခွင်များထဲတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာ ၁၃၀၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ရက်ပေါင်း ၁၂၀စီမံချက်ဖြင့် ဇွန်လ ၅ရက်မှ အောက်တိုဘာလ ၂ရက်အထိ လိုက်လံစစ်ဆေးဖမ်းဆီးရာ မြန်မာ အလုပ်သမား များအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းခုနှစ်သောင်းကျော်ကို စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ထိုင်းတစ်နိုင်ငံလုံးရှိ စက်ရုံများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများနှင့် အခြားလုပ်ငန်းခွင်များ အပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၂၀၀၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ဆေးခဲ့သော အလုပ်သမားများတွင် မြန်မာအလုပ်သမား နှစ်သိန်းကျော်ဖြင့် အများဆုံးပါဝင်ပြီး ကမ္ဘောဒီးယား ၄၂၀၀၀ ကျော်၊ လာအို ၁၆၀၀၀ ခန့်၊ ဗီယက်နမ်နိုင်ငံသား ၁၈၀ ကျော်ပါဝင်ကာ အခြားနိုင်ငံသား ၈၉၀၀ ကျော် ပါဝင်နေသည်။

၎င်းတို့အနက် မြန်မာအလုပ်သမား ၁၂၈၉ ဦး၊ လာအို ၃၁၅ ဦး၊ ကမ္ဘောဒီးယား ၂၈၁ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၄၁ ဦး အပါအဝင် ကျန်နိုင်ငံသား ၁၃၇ ဦးကို တရားမဝင် ဝင်ရောက်လုပ်ကိုင်နေမှုများဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ဖော်ပြထားသည်။

ရက်ပေါင်း ၁၂၀ စီမံချက်အတွင်း မြန်မာအလုပ်သမား နှစ်သိန်းကျော်ကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက် တစ်ထောင်ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားတာဝန်ခံ ကိုမင်းဦးက ပြောသည်။

“နှစ်သိန်းကျော်က စစ်ဆေးတဲ့ဦးရေပါ။ အဖမ်းခံရတဲ့ဦးရေမဟုတ်ပါဘူး။ အခုလို အယောက်ရေ သိန်းနဲ့ချီ ဖမ်းထားပြီး ဘယ်နားသွားထားမလဲ။ ဘယ်ကိုပို့ထားမလဲပေါ့နော်။ ရှင်းရှင်းလေးပါပဲ။ သူတို့ (ထိုင်းအစိုးရ) စစ်ဆေးတဲ့ ဦးရေက အဲဒီလောက်ရှိတယ်။ အဲဒီထဲမှာ အားလုံးပေါင်း အယောက် နှစ်ထောင်ကျော်ဖမ်းမိတယ်။ မြန်မာက တစ်ထောင်ကျော် လောက်ပါတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေမှု၊ နိုင်ငံခြားသား လုပ်ခွင့်မရှိ‌သော အလုပ်များ လုပ်ကိုင်နေမှုများဖြင့် ဖမ်းဆီးခံရသူများကို အရေးယူထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အရေးယူခံရသူများသည် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။

“ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတိုင်း ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာရမယ်” ဟု အလုပ်သမားခန့်ထားရေးဦးစီးဌာနက ညွှန်ကြားရေးမှူး Mr. Somchai Morakotsriwan က ပြောသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ်ဖြင့်သာ တရားဝင် လုပ်ကိုင်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော အလုပ်များတွင် မလုပ်ကိုင်မိစေရန် အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် လက်မှတ်တွင်ပါသော အလုပ်ရှင် (သူဌေး) ဖြင့်သာ အလုပ်လုပ်ကိုင်ရန်၊ လုပ်ပိုင်ခွင့်မရှိသော အလုပ်များ မလုပ်ကြရန်၊ အထောက်အထားမရှိသူများ ဂရုစိုက်နေထိုင်ကြရန်လည်း မြန်မာအလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းထားသည်။