BREAKING
October 18, 2024

တနင်္သာရီက ကျေးရွာနှစ်ရွာကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

October 7, 2024

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၉ နာရီခွဲခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။

နံနက် ၉နာရီ ခွဲခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တကူရွာနှင့် သိန္ဓောကျေးရွာကို ဗုံးကြဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“နေအိမ်နဲ့ ဒေသခံတွေ ထိခိုက်မှုကိုတော့ မကြားမိသေးဘူး။ စကစ က သူတို့ စွန့်သွားတဲ့ သိန္ဓောစခန်းကိုလည်း လာကြဲသွားတယ်လို့ သိရတယ်“ ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှု အသေးစိတ်အခြေအနေအား Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေသည့် EAR တယ်လီဂရမ်ချန်နယ်တွင် နံနက် ၉နာရီ ၄၇မိနစ်ခန့်က မြိတ်လေတပ်မှ K8W ဂျက်တိုက်လေယာဉ်တစ်စီးပျံတက်ခဲ့ကြောင်း ဖော်ပြထားသည်။

နှစ်ပေါင်း ၄၀ ကျော်ကြာ တပ်စွဲထားသည့် သိန္ဓေရွာရှိ တပ်စခန်းကို စစ်ကောင်စီတပ်သား ၁၅၀ ဝန်းကျင်က စက်တင်ဘာလ ၂၅ ရက်နေ့တွင် စခန်းစွန့်ခွာသွားခဲ့သည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) တို့ လချီကြာ ပိတ်ဆို့တိုက်ခိုက်မှုကို တောင့်ခံနိုင်ခြင်း မရှိတော့သဖြင့် စစ်ကောင်စီတပ် စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း တိုင်းစစ်ဌာန (တနင်္သာရီ) က ထုတ်ပြန်ထားသည်။

အဆိုပါစခန်းမှာ ရှေ့တန်းစခန်းတစ်ခုဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဝါးနွယ်စခန်း၊ လေကေစခန်းနှင့် ပွိုင့် ၃၀၀၀ စခန်းတို့ကို အုပ်ချုပ်ထောက်ပံ့မှုပေးနေသည့် အဓိကျသည့် စခန်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။