BREAKING
October 16, 2024

လောင်းလုံးတွင် သန်းခေါင်စာရင်း ကောက်သူများကို ဖမ်းဆီးထားဟု ပကဖ ပြော

October 7, 2024

သန်းခေါင်စာရင်းကောက်အဖွဲ့တွင် ပါဝင်နေ၍ဟုဆိုကာ Non CDM ဆရာမများကို ဖမ်းဆီးထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ဒေသခံတို့ထံမှ သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့က ဖမ်းဆီးထားခြင်းဖြစ်ပြီး ဖမ်းဆီးထားသူများအထဲအတွင် ‌Non CDM ကျောင်းဆရာမအများစု ပါဝင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကျေးစာရေးတစ်ဦးလည်းပါဝင်ကြောင်း ဒေသခံတို့က ပြောသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကမူ လတ်တလောဖမ်းဆီးထားသည့် Non CDM ဝန်ထမ်း ၉ ဦးရှိကြောင်း Dawei Watch ကို အတည်ပြုပြောကြားသည်။

“အဓိကကတော့ Non CDM မို့လို့ဖမ်းတာမဟုတ်ဘူး။ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး သူတို့တွေက ထားဝယ်မှာ သန်းခေါင်စာရင်းကောက်ပေးနေတာ။ တစ်ချို့ကနေ့ချင်းပြန်သွားတယ်။ တစ်ချို့က အဝတ်ထုပ်တွေနဲ့ ထားဝယ်မြို့ဘက်ကို သွားနေပြီးတော့ ကောက်ပေးတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖမ်းထားသူများထံမှ သန်းခေါင်စာရင်းကောက်ရာတွင် အသုံးပြုရန် စစ်ကောင်စီက ထုတ်ပေးထားသည့် တက်ဘလက်( Tablet) များကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီကလည်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထားသူများသည် သန်းခေါင်စာရင်းကောက်အဖွဲ့ဝင်များဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုတွင် နေထိုင်သည့် သန်းခေါင်စာရင်းကောက် စာရင်းစစ်၊ စာရင်းကောက်များဖြစ်သော ဆရာမဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်ဖြူဖြူထွေး၊ ဒေါ်မြထွေး၊ ထွေအုပ်စာရေး ဒေါ်သီတာ စုစုပေါင်း ခုနစ်ဦး ဖမ်းဆီးခံထားရကြောင်း ပါရှိသည်။

လောင်းလုံးမြို့နယ် ပြန်ကြားရေးတာဝန်ခံကမူ ဖမ်းဆီးထာသူများအား စစ်ဆေးမေးမြန်းပြီးက လုပ်ထုံးလုပ်းနည်းအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

“သူတို့ကိုအမြန်ဆုံး မေးစရာရှိတာမေးနေတယ်။ ပြီးရင်တော့ ဘယ်လိုဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ကြမှာပါ” ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Non CDM ဝန်ထမ်းတို့အား ဝင်ရောက်ဖမ်းဆီးချိန်က ဆိုင်ကယ်၊ ငွေကြေးနှင့် ရွေထည်ပစ္စည်းများကိုပါ သိမ်းဆည်းသွားကြောင်း ဒေသခံတို့က ဆိုသည်။

ပြန်ကြားရေးတာဝန်ခံကလည်း ယင်းပစ္စည်းများ သိမ်းဆည်းစဉ်ကတည်းက စနစ်တကျ ရုပ်သံမှတ်တမ်းတင်ထားပြီး ပြန်လွှတ်ပေးသည့်အချိန်တွင် ထိုပစ္စည်းများကိုပါ ပေးအပ်လိုက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ အပါအဝင် ဒေသတွင်း တော်လှန်ရေးတပ်အချို့က စစ်ကောင်စီကလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ပြီး ရွေးကောက်ပွဲဖြစ်မြောက်စေရန် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်။

ထားဝယ်မြို့တွင် အောက်တိုဘာလ ၁ ရက်နေ့မှစပြီး စစ်ကောင်စီက လုံခြုံးရေးအပြည့်ချကာ တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက် သန်းခေါင်စာရင်း ကောက်ခံလျက်ရှိသည်။