BREAKING
October 16, 2024

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်

October 7, 2024

Photo - EPA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင် ယနေ့ အောက်တိုဘာလ ၇ရက် နံနက် ၃နာရီ ဝန်းကျင်တွင် ကွယ်လွန်သွားသည်။

ကွယ်လွန်ချိန်တွင် အသက် ၇၃နှစ်ရှိပြီဖြစ်သည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်တွင် ဖမ်းဆီးခံရပြီး စစ်ကောင်စီက နိုင်ငံတော်အကြည် အညိုပျက်စေမှု၊ အဂတိလိုက်စားမှု အပါအဝင် အမှုကိုးမှု ဖြင့်အဓမ္မစွပ်စွဲကာ ထောင်ဒဏ် ၂၉နှစ် ချမှတ်ခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်သည် ဖမ်းဆီးမခံရမီကတည်းက သွေးကင်ဆာရောဂါကို ခံစားနေရပြီး မန္တလေးအိုးဘိုထောင်၌ ထိန်းသိမ်းခံရစဉ်တွင်လည်း ကျန်မားရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် မရရှိခဲ့သလို မိသားစုနှင့်လည်း တွေ့ခွင့်မရခဲ့ကြောင်း နီးစပ်သူတို့က သတင်းမီဒီယာများတွင် ပြောဆိုထားသည်။

ရောဂါအခြေအနေ ဆိုးဝါးလာသဖြင့် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် (ICU) သို့ ပို့ဆောင်ကုသနေစဉ် အောက်တိုဘာလ ၅ ရက်က သတိမေ့မြောသွားကြောင်း မိသားစုနှင့်နီးစပ်သူတို့ထံမှ သိရသည်။

ယင်းနောက် အောက်တိုဘာလ ၆ရက်တွင် အိုးဘိုထောင် အာဏာပိုင်တို့က ဒေါက်တာဇော်မြင့်မောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ဆေးရုံတွင် အမိန့်စာ လာရောက် ဖတ်ကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒေါက်တာဇော်မြင့်မောင် သေဆုံးမှုကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

“ဆရာ ကျန်းမာရေး မကောင်းတာသိထားပေမယ့် နောက်ဆုံးအချိန်အထိ ယုံကြည်ရာ ရဲ့ဝံ့စွာ ရပ်တည် ပြခဲ့တဲ့ နိုင်ငံရေးသမားတစ်ယောက်၊ ခေါင်းဆောင်တစ်ယောက်ကိုတော့ ဆုံးရှုံးရတယ်လို့ လက်မခံချင်သေးဘူး ဆရာ” ဟု ၎င်းက ရေးသားထားသည်။

ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလောင်းကို ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်ရှိ ဖခင်ဖြစ်သူ၏ နေအိမ်သို့ ပို့ဆောင်ထားပြီး မနက်ဖြန် အောက်တိုဘာလ ၈ ရက်တွင် နာရေးကျင်းပမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြချက်အရ သိရသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် NLD ကိုယ်စားပြု အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်သည်။

၎င်းသည် ၁၉၉၀ ပြည့်နှစ်တွင်လည်း ထောင်ဒဏ်ချမှတ်ခံရပြီး ၁၉နှစ်အကြာ ၂၀၀၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက် ခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင်လည်း မကွယ်လွန်မီအထိ ထောင်ထဲတွင် သုံးနှစ်ကျော် ချုပ်နှောင်ခံခဲ့ရသူဖြင့် ထောင်ထဲတွင် စုစုပေါင်း ၂၂နှစ်ကျော်ကြာ နေခဲ့ရသူလည်းဖြစ်သည်။

Photo – EPA