BREAKING
February 27, 2025

ပုလော လက္ကူးရွာအုပ်စုက တံငါလှေများ တစ်လကြာသည်အထိ ငါးဖမ်းမထွက်ရသေး

October 7, 2023

ပုံစာ - လက္ကူးကျေးရွာအုပ်စုအတွင်း ရပ်နားထားသည့် ငါးဖမ်းလှေငယ် (ပုံဟောင်း)

စစ်ကောင်စီတပ်က ကြည်း၊ ရေနှစ်ဖက်ညှပ် တိုက်ခိုက်ခဲ့သည့် ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုရှိ တံငါလှေငယ်များ နားထားရပြီး တစ်လကြာသည်အထိ ငါးဖမ်း မထွက်ကြရသေးကြောင်း ဒေသခံများက ပြောသည်။  

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က ပုလောပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘောနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဖက်ပစ်ခတ်မှု ပထမဆုံးအကြိမ် ဖြစ်ခဲ့ကြသည်။

ယင်းနောက် ငါးဖမ်းလှေငယ်များအား ငါးဖမ်းမထွက်ရန် ရေတပ်စစ်သင်္ဘောက ပြောဆိုခဲ့သလို ထွက်လာသည့် လှေများအား ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများလည်း ပြုလုပ်ခဲ့သည့်အတွက် လက်ရှိအချိန်ထိ ရပ်နားထားရကြောင်း ဒေသခံများက ဆိုသည်။

စက်တင်ဘာလ ၁၁ ရက်မှ ၁၈ ရက်အထိလည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေနှစ်ဖက်ညှပ် တိုက်ခိုက်ခဲ့သေးသည်။

“ပုလောမြို့နဲ့ ကျောက္ကာအုပ်စုဖက်က လှေတွေတော့ ထွက်လို့ရနေပြီ။ ထွက်လို့မရတာက လက္ကူးကျေးရွာအုပ်စုက လှေတွေပဲ။ ထွက်တာနဲ့ စစ်သင်္ဘောက သေနတ်နဲ့ လိုက်ပစ်တယ်။ (လက္ကူးရွာအုပ်စုက) လက္ကူး၊ မြဒေါင်၊ ပိတပ်၊ မှော်ကြောင်း၊ ပြင်းဖြူ အဲဒီဖက်က ဘယ်လှေမှ ထွက်လို့မရဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ရပ်နားထားရသည်မှာ တစ်လကြာလာပြီဖြစ်သည့်အတွက် ဝမ်းရေးအခက်အခဲကြုံနေရသည့် လှေငယ်အချို့ ယခုလ ၂ ရက်နေ့တွင် အရဲစွန့်ပြီး ပင်လယ်ပြင်ထွက်ခဲ့သော်လည်း စစ်သင်္ဘောမှ သေနတ်ဖြင့် လိုက်ပစ်သည့်အတွက် ရွာပြန်ပြေး လာခဲ့ရကြောင်း ၎င်းက ပြောသည်။

လက္ကူးကျေးရွာအုပ်စုသည် ပုလောပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိသည့်ကျေးရွာများဖြစ်ပြီး ဒေသခံအများစုမှာ ကမ်းနီးငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးကြသည်။

ယင်းကျေးရွာအုပ်စုအနီး ပင်လယ်ပြင်တွင် ရေတပ်စစ်သင်္ဘော အနည်းဆုံးသုံးစီးခန့် ပုံမှန်ရှိနေကြကြောင်း ဒေခံများက ဆိုသည်။

“ငါးဖမ်းမထွက်ရတာ ရက်ကြာလာတော့ တချို့လှေတွေ စက်တွေ ရောင်းပေါင်ချေးငှါးပြီး စားသောက်နေကြရတာပေါ့။ တချို့ကလည်း မြိတ်ဖက်တက်ပြီး ကျွန်းစုတခွင်မှာ သွားလုပ်စားနေကြသူလည်းရှိတယ်” ဟု ဒေသခံ ငါးဖမ်းလှေလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ငါးဖမ်းလှေငယ်များ ပင်လယ်ပြင်မထွက်ရသည့်အတွက် အရောင်းအဝယ်လုပ်ငန်း ရပ်တန့်လုနီးဖြစ်နေကြောင်း ပုလောမြို့နယ်မှ မော်လမြိုင်မြို့သို့ ငါးတင်ပို့ရောင်းချနေသူ တစ်ဦးကလည်း ပြောဆိုသည်။

“တစ်လကို ပုံမှန်ခြောက်ခေါက်လောက် (ကားနဲ့) ပို့နေရာက ပြီးခဲ့တဲ့လ (စက်တင်ဘာ) ကဆို တခေါက်ပဲ ပို့နိုင်တယ်။ အော်ဒါရပေမယ့် ပစ္စည်းက မပို့နိုင်ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင်မူ စစ်ကောင်စီတပ်က ပုလောအရှေ့ခြမ်းကျေးရွာအုပ်စုများဖြစ်သည့် နန်းတောင်၊ ကျောင်းနိမ့်၊ ပုလောကုန်းအုပ်စုသို့ စစ်ကြောင်းထိုးနေပြီး ရွာပေါင်းဆယ်ရွာခန့်ရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။