BREAKING
September 16, 2024

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

September 7, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၁ ရက်မှ ၇ ရက်အထိ

မြို့နယ် ၁၀ကျော် လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားဆယ်ချီသေဆုံး

ပုံစာ – စက်တင်ဘာလ ၃ရက် ညပိုင်းက လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မန်တုံမြို့မြင်ကွင်းတစ်ခု။

နိုင်ငံတစ်ဝန်းမှာ မြို့ ၈၀နီးပါး လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူ၊ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဩဂုတ်လ ၃၁ရက်ကနေ စက်တင်ဘာလ ၆ရက်အထိ တိုင်းနဲ့ ပြည်နယ်ငါးခုက မြို့နယ် ၁၀ကျော်မှာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ မြို့ရွာ၊ စစ်ဘေးရှောင်စခန်းတွေကို လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။

ရှမ်းပြည်နယ်ထဲက နောင်ချို၊ နမ့်ခမ်း၊ သီပေါ၊ မန်တုံ၊ ဖယ်ခုံမြို့နယ်တွေ၊ ကရင်နီက နန်းမယ်ခုံ၊ စစ်ကိုင်းတိုင်းထဲက ထီးချိုင့်၊ မကွေးတိုင်းထဲက မြိုင်၊ မန္တလေးတိုင်းထဲက ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ သပိတ်ကျင်းနဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ် တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။  

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သားပြည်သူ ၄၀ ကျော်သေဆုံးပြီး ဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာရတယ်လို့ ပြည်တွင်းသတင်းတွေမှာဖော်ပြတဲ့ အချက်အလက်တွေအရ သိရပါတယ်။

နမ့်ခမ်းမြို့ပေါ် လေကြောင်းတိုက်ခိုက်မှု၊ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနဲ့ ဖယ်ခုံမြို့နယ်က ဘန်ကောက်စစ်ဘေးရှောင် ဒုက္ခသည်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေကတော့ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု အများဆုံးရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တချို့မှာ မိသားစုလိုက် သေဆုံးထိခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေက လက်နက်ကိုင်အဖွဲ့တွေကို လက်တုံ့ပြန်မယ်လို့ ပြောဆိုပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာလည်း တွေ့ရပါတယ်။

……………………………………..

မောင်ရွှေလေးရေတပ်စခန်းကို AA သိမ်းယူ၊ ရခိုင်မှာ ပထမဆုံးသိမ်းတဲ့ ရေတပ်စခန်းဖြစ်လာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အခြေစိုက် မောင်ရွှေလေးရေတပ်စခန်းကို သိမ်းယူလိုက်ပြီလို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။

ရခိုင်မှာ ရေတပ်စခန်းကြီးတစ်ခုကို AA က ပထမဆုံးအကြိမ် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

သံတွဲမြို့နယ်အတွင်း စစ်ကောင်စီလက်ကျန်စခန်းကြီးတစ်ခုဖြစ်ပြီး မောင်ရွှေလေးရွာနဲ့ ကွင်းဝိုင်းရွာ ကြားမှာတည်ရှိတဲ့ စစ်ကောင်စီ ရေတပ် ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကို စက်တင်ဘာလ ၅ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာလို့ ဖော်ပြပါတယ်။

အဲဒီရေတပ်စခန်းကို ဩဂုတ်လ ၇ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေနဲ့ ခုခံခဲ့ပေမယ့် တစ်လနီးပါးအကြာမှာ သိမ်းယူနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က အင်အား ၁၂၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးရာကျော် သေဆုံးခဲ့တယ်လို့လည်း AA က ထုတ်ဖော်ပြောဆိုထားပါတယ်။

……………………………………..

မြောက်ပိုင်းသုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ စကစကြေညာ၊ စကစကိုလည်း နိုင်ငံ့ရန်သူလို့ NUGကြေညာ

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီကကြေညာလိုက်ပြီး တခြားတစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီကို နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူအဖြစ်သတ်မှတ်ကြေညာလိုက်ပါတယ်။

ကိုးကန့်၊ ရခိုင်၊ တအာင်းတပ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီက စက်တင်ဘာလ ၂ ရက်နေ့မှာ ကြေညာခဲ့တာပါ။ ညီနောင်မဟာမိတ်သုံးဖွဲ့ လှုပ်ရှားတဲ့ ရှမ်းမြောက်နဲ့ ရခိုင်မှာ စစ်ကောင်စီတိုင်းစစ်ဌာနချုပ်တစ်ခုအပါအဝင် မြို့များစွာ လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက်မှာ အခုလို ကြေညာလာတာပါ။

စက်တင်ဘာလ ၅ ရက်မှာတော့ NUG က စစ်ကောင်စီကို နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့  ရန်သူဖြစ်တယ်လို့ ကြေညာပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာ အပါအဝင် ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန် နေတဲ့အပြင် ပြည်သူလူထုကို စစ်ပွဲတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်တပ်ထဲ ဆွဲသွင်းနေတာတွေကြောင့် အခုလို သတ်မှတ်ကြေညာရတာလို့ ဆိုပါတယ်။

……………………………………..

စားသုံးဆီကို ဆီထုတ်ခွင့်စာအုပ်နဲ့ တန်းစီဝယ်ရ

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးတဲ့ ဆီထုတ်ယူခွင့်စာအုပ်နဲ့ စားသုံးဆီကို တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရပါတယ်။

အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်းတွေပြနိုင်ရင် အိမ်ထောင်တစ်ခု စာအုပ်တစ်အုပ်ထုတ်ပေးပြီး စာအုပ်ရဖို့အတွက် ငွေကြေးပေးရတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ အဲဒီစာအုပ်နဲ့ သက်ဆိုင်ရာမြို့နယ်ရဲ့ ဆီကိုယ်စားလှယ် အရောင်းဆိုင်တွေမှာ တန်းစီစောင့်ဆိုင်း ဝယ်ယူကြရတာဟာ အခုသီတင်းပတ်အတွင်း စတင်တာလို့ ဆိုပါတယ်။

ဆီအသင်းက ရောင်းချပေးတဲ့ ဆီစျေးနှုန်းဟာ ပြင်ပပေါက်စျေးထက် ထက်ဝက်လောက် သက်သာတဲ့အတွက် ပြည်သူတွေက တန်းစီစောင့်ဆိုင်းဝယ်ယူရတာပါ။ ဆီကတော့ လိုသလောက် ဝယ်မရဘဲ အကန့်အသတ်နဲ့ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ သမဝါယမစနစ်က အသင့်တော် ဆုံးဖြစ်တယ်လို့ ပြောဆိုပြီးနောက်မှာ ဆီထုတ်စာအုပ်တွေပြနိုင်မှ ဆီရောင်းပေမယ့်အစီအစဉ် အကောင်အထည်ဖော်လာ တာလည်း ဖြစ်ပါတယ်။

……………………………………..

ထိုင်းစီးပွားရေးလုပ်ငန်းတွေ မြန်မာကနေ ထွက်ခွာ

စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးမတည်ငြိမ်တာနဲ့ စီးပွားရေးကျဆင်းတာတွေကြောင့် ထိုင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ မြန်မာနိုင်ငံကနေ ထွက်ခွာနေတယ်လို့ The Nation သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဘတ်ငွေ ရှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ ထိုင်းဘိလပ်မြေလုပ်ငန်း Siam Cement Group (SCG) ရဲ့ စက်ရုံနှစ်ရုံကို ရပ်နားလိုက်ပြီလို့ ဖော်ပြပါတယ်။ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ကာလမှာ စက်ပစ္စည်းတွေလည်း ခိုးယူခံရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အခြေအနေဟာ လုပ်ငန်းလည်ပတ်ဖို့အတွက် မျှော်လင့်ချက်လည်းမရှိတာကြောင့် အခုလို ရပ်ဆိုင်းလိုက်တာလို့ ဖော်ပြပါတယ်။

အဖျော်ယာမကာ လုပ်ငန်းတစ်ခုဖြစ်တဲ့ OSP ကလည်း ဘတ်သန်း ၁၃၀ကျော် တန်းဖိုးရှိတဲ့ လုပ်ငန်းတွေကို ရောင်းချနေပြီး ပလက်စတစ်နဲ့ ထုပ်ပိုးကုန်ပစ္စည်း ထုတ်လုပ်တဲ့ TPBI ကုမ္ပဏီကလည်း လုပ်ငန်းရပ်နားထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြပွဲ၊ ဖျော်ဖြေရေးအခမ်းအနားတွေ စီစဉ်ပေးတဲ့ ကုမ္ပဏီနှစ်ခုကလည်း မနှစ်က လုပ်ငန်းတွေ ရပ်နားလိုက်ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

……………………………………..