BREAKING
September 16, 2024

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ လစာထုတ်ချိန် ကျပ်ငွေလဲနှုန်း အနည်းငယ်ပြန်တက်

September 7, 2024

တောက်လျောက်ထိုးကျခဲ့သည့် ကျပ်ငွေလဲလှယ်နှုန်းထားမှာ ယနေ့တွင် အနည်းငယ်ပြန်တက်လာကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။

ယနေ့ညနေ ပေါက်ဈေးအရ မြန်မာငွေတစ်သိန်းလျှင် ၆၆၀ ဘတ်အထိ ပြန်တက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၁၅၁ ကျပ် ပေါက်ဈေးရှိခဲ့သည်။

ပြီးခဲ့သည့်နေ့ကမူ မြန်မာငွေတစ်သိန်းလျှင် ၆၄၅ ဘတ်ပေါက်ဈေးရှိပြီး ထိုင်းငွေတစ်ဘတ်လျှင် ၁၅၅ ကျပ်စွန်းစွန်း ဈေးဖွင့်ထားခဲ့သည်။

ငွေလဲလုပ်ငန်းရှင်အချို့၏ အဆိုအရ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ လစာထုတ်သည့်ကာလဖြစ်သည့်အတွက် ထိုင်းဘတ်တန်ဖိုး အနည်းငယ်ကျကာ ကျပ်ငွေဈေးနှုန်း အနည်းငယ်ပြန်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“လစာထုတ်ကာလမို့ ခဏလေး ပြန်တက်လာတာ။ နောက်ထပ် နှစ်ရက် သုံးရက်ဆိုရင် ပြန်ကျမှာပဲ”ဟု ထားဝယ်ဒေသရှိ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုသို့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ လစာထုတ်ကာလဖြစ်သည့် လကုန်ပြီး တစ်ပတ်တာကာလအတွင်း ထိုင်းဘတ်ဈေးနှုန်း ကျဆင်းလေ့ရှိကြောင်း ရွှေ့ပြောင်းလုပ်သားအချို့က ဆိုသည်။

သို့သော် စျေးကွက်အတွင်း ဒေါ်လာစျေးအပါအဝင် နိုင်ငံခြားငွေလဲနှုန်းများ အပြောင်းအလဲရှိနေပြီး ကျပ်ငွေပြန်မာလာခြင်းဖြစ်သည့်အတွက် ပြည်တွင်းသို့ နိုင်ငံခြားငွေဝင်ရောက်မှု ရှိနိုင်သည်ဟုလည်း လေ့လာသူများကဆိုကြသည်။

ယင်းကြောင့် ကျပ်ငွေတန်ဖိုး ပြန်ကျနိုင်၊ မကျနိုင်ဆိုသည်မှာ လတ်တလော ယတိပြတ်ပြော၍ မရနိုင်ဘဲ အခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

စစ်ကောင်စီကို တရုတ်အစိုးရက ကူညီမှုများရှိနေသည် ဆိုသောသတင်းများလည်း ရှိနေပြီး တိတိကျကျ မသိရပေ။

ပြီးခဲ့သည့် လကမူ ကျပ်ငွေတန်ဖိုးအဆမတန်ကျဆင်းခဲ့ပြီး မြန်မာငွေတစ်သိန်းလျှင် ဘတ် ၅၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။

ထိုသို့ ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ထိုင်းဘက်က တင်သွင်းသည့် ကုန်ပစ္စည်းများအပြင် ပြည်တွင်းထုတ်ကုန်ပစ္စည်းများလည်း အဆမတန် ဈေးတက်သွားသည်။

လက်ရှိတွင်မူ ကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက်လာသော်လည်း ရက်ပိုင်းအကြာတွင် ပြန်ကျသွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။

အမေရိကန်ဒေါ်လာငွေလဲနှုန်းလည်း အနည်းငယ်ပြန်ကျနေပြီး စက်တင်ဘာလ ၇ ရက်(ယနေ့)ညနေပေါက်ဈေးအရ တစ်ဒေါ်လာလျှင် ၅၃၀၀ ကျပ်ဝန်းကျင် ဈေးဖွင့်ထားသည်။

No related posts found.