BREAKING
September 16, 2024

တနင်္သာရီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အရပ်သားကားများကို ချောဆွဲ

September 7, 2024

Photo - မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၁

လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့သည့် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားကားများကို ချောဆွဲအသုံးပြုခဲ့ကြောင်း တော်လှန်ရေးတပ်များနှင့် ဒေသခံအချို့ထံမှ သိရသည်။

စက်တင်ဘာလ ၄ ရက်မှ ၇ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများတွင် အရပ်သားကားများကို ချောဆွဲအသုံးပြုခဲ့ခြင်းဖြစ်သည်။

ဇဝဲရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းဘက်က စစ်ကြောင်းတစ်ကြောင်း၊ ဘန်လောရွာဘက်က တစ်ကြောင်းနှင့် ၆မိုင်ရွာဘက်က တစ်ကြောင်း စုစုပေါင်းစစ်ကြောင်းသုံးကြောင်းက အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

အဆိုပါ စစ်ကြောင်းသုံးကြောင်းက တကူ၊ သာရဘွင်နှင့်ဘန်လောရွာများဘက်ကို ဦးတည်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များကဆိုသည်။

ထိုသို့ စစ်ကြောင်းထိုးချိန်တွင် စစ်ကောင်စီတပ်က အရပ်သားကားများပေါ်ရှိ ပစ္စည်းများကိုဆွဲချကာ ၎င်းတို့၏ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ တင်ဆောင်ခိုင်းကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“အရပ်သားကုန်ကားသုံးစီးကို ချောဆွဲပြီး ဘန်လောဘက်ကို လာတာ ကျွန်တော်တို့ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး အဲဒီကားသုံးစီးစလုံး ရပ်တန့်နေတာ။ သူတို့(စကစ)ဘက်က အထိအခိုက် တော်တော်များတယ်” ဟုအဆိုပါ ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါတိုက်ပွဲကာလ ၄ ရက်အတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးကြောင်း မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ တာဝန်ရှိသူက ဆိုသည်။

“တိုက်ပွဲကနေ့တိုင်းဆက်တိုက်ဖြစ်နေတာပေါ့။ ဒီရက်တွေအတွင်း ပစ်ခတ်မှုတွေက တစ်ရက်လုံးဖြစ်နေတာပေါ့။ ထိခိုက်မှုတွေနှင့်ပတ်သက်ပြီး တိုက်ပွဲအခြေအနေကပြင်းထန်နေတဲ့အတွက် အသေးစိတ်ကိုမသိရသေးဘူး” ဟု အထက်ပါ ပူးပေါင်းစစ်ကြောင်း-၁ တာဝန်ရှိသူကပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့တွင် စစ်ကောင်စီတပ် တနင်္သာရီမြို့ တပ်ဦးစာသင်ကျောင်းအနီးတွင် အရပ်သား ၂၀ခန့်ကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး စက်တင်ဘာလ ၆ရက်နေ့ရောက်မှ ပြန်လွှတ်ပေးခဲ့ကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ဆိုသည်။

“ပစ္စည်းတွေသယ်ခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ ပြောတယ်” ဟု အဆိုပါမြို့ခံက ပြောသည်။

လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကြီးစားဒရုန်း ၅စီး အသုံးပြုတိုက်ခိုက်ခဲ့သလို ဗောဓိကမ်းတံတားဘက်ကလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

အဆိုပါ တိုက်ပွဲကြောင့် ဘန်လောကျေးရွာအုပ်စုရှိ ကျေးရွာနေ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း အရပ်သားအချို့ ပိတ်မိနေခဲ့ပြီး အရပ်သားထိခိုက်မှုအပါအဝင် နှစ်ဖက်ထိခိုက်မှုအခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်မသိရသေးပေ။