BREAKING
September 16, 2024

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

September 7, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၆ ရက်နေ့အထိ

ပိုလန်တွင် ဒုတိယကမ္ဘာစစ် စတင်ခဲ့သော ၈၅ နှစ်မြောက် အမှတ်တရနေ့ ကျင်းပ

ပိုလန်နိုင်ငံမှာ ၈၅ နှစ်မြောက် ဒုတိယကမ္ဘာစစ် စတင်ကျူးကျော်ခံရတဲ့ အမှတ်တရနေ့အနေနဲ့ စက်တင်ဘာ ၁ ရက်နေ့က အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မှာ လူသန်းပေါင်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့အထဲ ပိုလန်လူမျိုး ၆ သန်းကျော်ပါဝင်ခဲ့တာပါ။

မီးလောင်တိုက်သွင်းပြီး အသတ်ဖြတ်ခံရတဲ့ ဂျူး ၆ သန်းတွေရဲ့ တစ်ဝက်က ပိုလန်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တာ့စ်က ဒုတိယကမ္ဘာစစ်ရဲ့ သင်ခန်းစာတွေဟာ စိတ်ကူးယဥ်စရာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

အခုချိန်မှာလည်း စစ်က အရှေ့ဘက်ကနေ ထပ်လာနေတယ်လို့ ပြောကြားခဲ့ပြီး ယူကရိန်းအပေါ် ကျူးကျော်သူကို ခုခံတွန်းလှန်ကြဖို့လည်း NATO အဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

Ref: France 24

………………………………..

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး အစ္စရေးအလုပ်သမားသမဂ္ဂ ဆန္ဒပြ

၁၁ လကြာလာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရေး အပစ်ရပ်သဘောတူညီမှုရအောင် အစိုးရကို ဖိအားပေးတဲ့အနေနဲ့ အလုပ်သမားသမဂ္ဂက ဦးဆောင်ပြီး စက်တင်ဘာလ ၂ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာလမှာ စစ်ပွဲစတင်ခဲ့တဲ့နောက်ပိုင်း အစိုးရဆန့်ကျင်ရေး အကြီးမားဆုံးအလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ ဖြစ်တာပါ။

ဂါဇာထဲက မြေအောက်ဥမင်လှိုဏ်ခေါင်းထဲမှာ ဓားစာခံနောက်ထပ် ၆ ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ပြီးတဲ့နောက် ဆန္ဒပြပွဲဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် နေတန်ယာဟုက ဟာမတ်စ်တို့နဲ့ အပစ်ရပ်သဘောတူခဲ့ရင် ဓားစာခံတွေ သေဆုံးရမှာမဟုတ်ဘူးဆိုပြီး ဆန္ဒပြသူတွေက ဝေဖန်ခဲ့ကြပါတယ်။

Ref: NPR

………………………………..

ဟောင်ကောင်တွင် တရားစွဲခံထားရသော တက်ကြွလှုပ်ရှားသူများ အပြစ်ရှိကြောင်း ဝန်ခံ

တိုင်းပြည်အာဏာပြိုကွဲအောင် ကြံစည်မှုနဲ့ တရားစွဲခံထားရတဲ့ ဟောင်ကောင်က တက်ကြွလှုပ်ရှားသူ ၄၅ ဦးက စက်တင်ဘာ ၃ ရက်နေ့မှာ အပြစ်ရှိကြောင်း နောက်ဆုံး ဝန်ခံထွက်ဆိုလိုက်ကြပါတယ်။

သူတို့က ပြစ်ဒဏ် လျှော့ပေါ့ခွင့်ရဖို့အတွက် ဝန်ခံလိုက်ကြတာပါ။

တရုတ်အစိုးရက ၂၀၂၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေအရ သူတို့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်ချေ ရှိပါတယ်။

ပြစ်မှုဝန်ခံခဲ့တဲ့ သူတို့ ၄၅ ဦးစလုံးကို နောက်ပိုင်းမှာ စီရင်ချက်ချသွားမယ်လို့ တရားသူကြီးဆိုခဲ့ပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့အတွက် ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီအရေးလိုလားတဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ် တင်မြှောက်ကြဖို့အတွက် တောင်းဆို ဆန္ဒပြခဲ့ကြလို့ သူတို့ကို ဖမ်းဆီးတရားစွဲခဲ့တာဖြစ်ပါတယ်။

Ref: REUTERS

………………………………..

ယူကရိန်း၏ အထင်ကရမြို့ကြီးကို ရုရှားတိုက်ခိုက်ခဲ့လို့ အနည်းဆုံးလူ ၅၁ ဦး သေဆုံး

ယူကရိန်းနိုင်ငံရဲ့ ပေါ်တာဗာမြို့ကို ရုရှားက စက်တင်ဘာလ ၃ ရက်နေ့က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူ အနည်းဆုံး ၅၁ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၇၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုက ယူကရိန်းတိုက်ခိုက်ခံရတဲ့ နှစ်နှစ်အတွင်း လူသေဆုံးမှု အများဆုံးထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

စစ်ရေးသင်တန်းကျောင်းတစ်ခုနဲ့ အနီးက ဆေးရုံတစ်ရုံလည်း ပျက်စီးသွားခဲ့တယ်လို့ ယူကရိန်း သမ္မတ

ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

အချက်ပေးသံ ကြားတဲ့အချိန် လူတွေက ဗုံးခိုရာနေရာတွေကို သွားနေချိန်မှာ ဒုံးကျည်တွေထိမှန်ခဲ့ကြတာပါ။

ဒီဖြစ်ရပ်အတွက် မြို့အုပ်ချုပ်ရေးအဖွဲ့က ဝမ်းနည်းကြေကွဲဖွယ်နေ့ သုံးရက်သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။

Ref: BBC

………………………………..

ဖမ်းဝရမ်းအထုတ်ခံထားရသော ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်း အင်ဒိုနီးရှားတွင် ဖမ်းဆီးခံရ

တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး ဒေါ်လာ ၁ ဒသမ ၈ သန်းကျော် ငွေကြေးခဝါချမှုနဲ့ အလိုရှိနေတဲ့ ဖိလစ်ပိုင် မြို့တော်ဝန်ဟောင်းကို အင်ဒိုနီးရှားက ဖမ်းဆီးလိုက်ပါတယ်။

Alice Guo လို့လူသိများတဲ့ သူမဟာ လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ထွက်ဆိုဖို့ ငြင်းဆန်ခဲ့လို့ အထက်လွှတ်တော်က အလိုရှိနေတဲ့သူတစ်ဦးပါ။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကောင်စီအပါအဝင် ဖိလစ်ပိုင်တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေက သူမနဲ့ အခြား ၃၅ ဦးတို့ကို ငွေကြေးခဝါချမှု စွပ်စွဲချက်နဲ့ တရားရေးဌာနကို ပူးတွဲ တိုင်ကြားထားခဲ့ပါတယ်။

သူမဟာ မြို့တော်ဝန်အဖြစ်က ဖယ်ရှားခံခဲ့ရပြီး ဇူလိုင်လတုန်းက နိုင်ငံကနေ ထွက်ပြေးသွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

နောက် ဖိလစ်ပိုင်နိုင်ငံကူးလက်မှတ်နဲ့ မလေးရှား၊ စင်ကာပူနိုင်ငံတွေကို သွားရောက်ခဲ့ပြီး အင်ဒိုနီးရှားထပ်ရောက်နေချိန် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့မှာတော့ သူမကို အင်ဒိုနီးရှားကနေ ဖိလစ်ပိုင်နိုင်ငံကို လွှဲပြောင်းအပ်နှံခဲ့ပါတယ်။

Ref: CNA

………………………………..

အမေရိကန်တွင် အထက်တန်းကျောင်း ပစ်ခတ်မှု ၄ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အထက်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ခဲ့လို့ လူ ၄ ဦး သေဆုံးပြီး အနည်းဆုံး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့က Apalachee အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

သေနတ်သမားက အသက် ၁၄ နှစ် အရွယ် ကျောင်းသားဖြစ်ပြီး ချက်ချင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သေဆုံးသူ ၄ ဦးထဲမှာ ၂ ဦးက ကျောင်းသားတွေဖြစ်ပြီး ၂ ဦးက ဆရာတွေ ဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် ကျောင်းဝင်းထဲ လုံခြုံရေး အများအပြားချထားရပြီး ကျောင်းသားတွေကိုတော့ ကျောင်းရဲ့ ဘောလုံးကွင်းထဲမှာ ရွှေ့ပြောင်း ခိုလှုံခိုင်းခဲ့ရပါတယ်။

Ref: BBC

………………………………..

အကျင့်ပျက်မှုများကြောင့် အာဖရိကလူငယ်အများအပြား နေရပ်ထွက်ခွာလို

အကျင့်ပျက်ခြစားမှုတွေများလို့ အာဖရိကလူငယ်အများစုက နေရပ်နိုင်ငံတွေကနေ ထွက်ခွာလိုကြတယ်လို့ စစ်တပ်တစ်ခုက စက်တင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံကနေထွက်ခွာလိုတဲ့ အာဖရိကတိုက်က လူငယ်အရေအတွက်ဟာ ၆၀ ရာခိုင်နှုန်းလောက်ရှိနေတာပါ။

ဒီစစ်တမ်းမှာ အာဖရိက ၁၆ နိုင်ငံက လူငယ်ပေါင်း ၅၆၀၀ ကျော်ပါဝင်ဖြေဆိုထားတယ်လို့ ဆိုပါတယ်။

လူငယ်တွေက သဘာဝသယံဇာတတွေကို လာရောက်တူးဖော်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေ လာရောက်အမြတ်ထုတ်နေတာကို စိုးရိမ်နေကြတယ်လို့ စစ်တမ်းက ထုတ်ပြန်ထားပါတယ်။

Ref: Aljazeera

………………………………..

တရုတ်က အာဖရိကတိုက်မှာ ဒေါ်လာ ၅၁ ဘီလီယံကျော် ရင်းနှီးမြုပ်နှံမည်

လာမယ့် ၃ နှစ်အတွင်း အာဖရိကနိုင်ငံတွေကို ဒေါ်လာ ၅၁ ဘီလီယံကျော်ဖိုး ငွေကြေးပံ့ပိုး ရင်းနှီးသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ဆိုပါတယ်။

အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်သွားမယ်လို့ စက်တင်ဘာလ ၅ ရက်နေ့က ပြုလုပ်တဲ့ တရုတ်-အာဖရိက အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

ဒေါ်လာ ၃၀ ဘီလီယံကို ချေးငွေအနေနဲ့ ပေးမှာဖြစ်ပြီး ဒေါ်လာ ၁၁ ဘီလီယံကိုတော့ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

တရုတ်လုပ်ငန်းရှင်တွေ အနေနဲ့လည်း ဒေါ်လာ ၁၀ ဘီလီယံအောက် မနည်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ကြဖို့ အားပေးသွားမယ်လို့ ဆိုပါတယ်။

တရုတ်-အာဖရိကအစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်နဲ့ အာဖရိကတိုက်က ခေါင်းဆောင် ၅၀ ကျော် တက်ရောက်နေပါတယ်။

Ref: REUTERS

………………………………..

အမေရိကန်သမ္မတလောင်း ကယ်မလာ ဟဲရစ်ကို ထောက်ခံကြောင်း ရုရှားသမ္မတပြောကြား

လာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ကယ်မလာဟဲရစ်ကို အနိုင်ရဖို့ အားပေးတယ်လို့ ရုရှားသမ္မတ ပူတင် က စက်တင်ဘာ ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ကို ပြန်အနိုင်ရစေချင်ခဲ့ပေမဲ့ အခုတော့ ကမ်မလာဟဲရစ်ကိုထောက်ခံတယ်လို့ ပြောကြားလိုက်တာပါ။

သမ္မတရွေးကောက်ပွဲကို ဝင်နှောင့်ယှက်ဖို့ ရုရှားက ကြိုးစားနေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲခဲ့ပြီး အရေးယူဒဏ်ခတ်မှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။

နောက်တစ်ရက်အကြာမှာတော့ အခုလို သမ္မတပူတင်ဘက်က ပြောကြားလာတာပါ။

အမေရိကန်ပြည်သူတွေကသာ သူတို့သမ္မတကို ရွေးချယ်ရမှာဖြစ်ပြီး ရုရှားအနေနဲ့ ရွေးချယ်မှုရလဒ်ကို လေးစားမှာဖြစ်တယ်လို့ သမ္မတ ပူတင်က ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

Ref: CNN

………………………………..

ဘောလုံးသမိုင်းတွင် စီရော်နယ်ဒိုက ဂိုး ၉၀၀ ပြည့် ကစားသမားဖြစ်လာ

ခရိုအေးရှားကို အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းမှာ ဂိုးပေါင်း ၉၀၀ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝ ပထမဆုံးဂိုးကို ၂၀၀၂ ခုနှစ်က စပို့တင်းလစ္စဘွန်းအတွက် သွင်းယူခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ မန်ယူအတွက် ကစားရင်း ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ရီးရဲလ်အတွက် ဂိုး ၄၅၀ ၊ မန်ယူအတွက် ၁၄၅ ဂိုး၊ ပေါ်တူဂီအသင်းအတွက် ၁၃၁ ဂိုး၊ ဂျူဗင်တပ်အတွက် ၁၀၁ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။

သူက ဒဏ်ရာသာ မရခဲ့ရင် ဂိုး ၁၀၀၀ အထိ လိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: CNN

………………………………..