BREAKING
January 15, 2025

သရက်ချောင်းတွင် မြေသယ်ကားတစ်စီး မိုင်းဆွဲခံရ

September 7, 2023

ထားဝယ်ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီး သရက်နှစ်ခွနှင့် သင်းကျွန်းရွာကြားတွင် မိုင်းဆွဲခံရပြီး ကားပေါ်ပါသူအချို့ ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။

အရပ်ဝတ် အမျိုးသား ၁၃ ဦး လိုက်ပါလာသည့် မြေသယ်ကားကို စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီကျော်တွင် မိုင်းဆွဲခဲ့ရခြင်းဖြစ်ကြောင်း သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာက ဒေသခံအချို့က ဆိုသည်။

အဆိုပါကားပေါ်တွင် ဆောက်လုပ်ရေး ငြမ်းများ၊ သံချောင်းများ တွေ့ရပြီး ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမားများဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“အလုပ်သမားကားပေါ်ပါသူထဲက နှစ်ယောက်လောက်တော့ အစစဉ်ပြီးတော့ နည်းနည်းပါးပါး နာသွားတာရှိတယ်ဆို ပြောတယ်။ ကားကတော့ ဘာမှမဖြစ်ဘူး” ဟု သရက်နှစ်ခွရွာသားတစ်ဦးက ပြောသည်။

ယင်းမိုင်းခွဲခံရမှု အပေါ်မိုင်းဆွဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ကလည်း စစ်ဆေးနေပြီး စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ခိုင်လုံသောသတင်းများ ရရှိထားသဖြင့် မိုင်းဆွဲခဲ့ခြင်းဟုဆိုသည်။

စစ်ကောင်စီတပ်သည်လည်း မြေသယ်ကားဖြင့် လာခြင်းဖြစ်ပြီး အလုပ်သမားများစီးလာသည့် မြေသယ်ကား ဖြစ်နေသဖြင့် မှားယွင်းပြီး မိုင်းဆွဲမိခြင်းဖြစ်နိုင်ကြောင်း သရက်နှစ်ခွကျေးရွာက ဒေသခံအချို့က ပြောသည်။

သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မိုင်းဆွဲခံရသည့်ကားမှာ သိမ်ကုန်း၊ ဝဲရစ်ရွာဘက်ရှိ ဖိုးသောကြာကျောက်မိုင်းက ကားဖြစ်ပြီး ယင်းကားသည် စစ်ကောင်စီတပ်သားများကို သီးသန့်တင်နေသည့် ကားဖြစ်ကြောင်း ဆိုသည်။

မိုင်းထိသည့်ကားမှာ အရပ်သားများ တင်ဆောင်လာသည့် ကားဖြစ်သည်ဟု ဒေသခံတို့ ပြောဆိုချက်အပေါ် အထက်ပါတာဝန်ရှိသူကို မေးမြန်းရာ အဆိုပါကိစ္စကို စိစစ်နေဆဲဖြစ်ကြောင်း ဖြေကြားသည်။

“အဲ့ဒါကတော့ ကျွန်တော်တို့ဘက်က လိုက်ပြီးစိစစ်နေတုန်းပဲရှိသေး။ ကျွန်တော်တို့ဘက်က ထောက်လှမ်းရေးတွေရော၊ ကင်းထောက်ရဲဘော်တွေ အကုန်လုံးရဲ့အဆိုအရတော့ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) ကို တင်ဆောင်သွားတာ။ မျက်မြင်ရှိသူလည်းရှိနေတယ်” ဟု ၎င်းက ပြောသည်။

မိုင်းဆွဲမှုဖြစ်ပြီးနောက်တွင် သရက်နှစ်ခွရွာအတွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ လာရောက် စစ်ဆေးခဲ့ပြီး ယင်းနေရာ လမ်းဘေးရှိ မြက်များကို ရှင်းလင်းရန် သရက်နှစ်ခွရွာထဲက မြက်ရိတ် စက်သမားများကို လိုက်လံခေါ်ယူနေကြောင်း သရက်နှစ်ခွရွာက ဒေသခံတစ်ဦးက ပြောသည်။