BREAKING
September 19, 2024

မြန်မာဘက်ပို့မည့် starlink များကို မဲဆောက်တွင် ထိုင်းရဲဖမ်း၊ မြန်မာ ၁၀ ဦးပါ ဖမ်းဆီးခံရ

August 7, 2024

မြန်မာနိုင်ငံသို့ ပို့မည့် StarLink အင်တာနက်ပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် သိမ်းဆည်းရမိပြီးနောက် အမှုနှင့် သက်ဆိုင်သည်ဟု ယူဆရသော မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် မဲဆောက်ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းခဲ့သည်။

Starlink များသည် နယ်စပ်ဖြတ်ကျော်ပြီး မြဝတီမြို့တွင် အွန်လိုင်းလောင်းကစားများနှင့် Call Center များကဲ့သို့ အွန်လိုင်းရာဇဝတ်မှုများတွင် အသုံးပြုနိုင်ဖွယ်ရှိကြောင်း သံသယဖြင့် ခြေရာခံနေရာမှ ထောက်လှမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ စာတိုက်မှတစ်ဆင့် StarLink အင်တာနက် ၁၀ လုံးကို ပို့ဆောင်လာသည်ဟု သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပါဆယ်ထဲတွင် Starlink ၁၀ လုံးကို တွေ့ရှိရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်း Starlink ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး Starlink ပို့ဆောင်လာသော မူလရင်းမြစ်ကို လနှင့်ချီ လိုက်လံခြေရာခံ စစ်ဆေးရာမှ ဘန်ကောက်မြို့ ဖတ်ထနာကန်နယ်မြေမှ ပို့ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်။

ပါဆယ်ပို့သူများကို ခြေရာခံရာမှ အသက် ၂၇ နှစ်အရွယ်ရှိ ဟိန်းထက်အောင်နှင့် ဘုန်းမြတ်ကျော်အမည်ရှိသော မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့နှင့်အတူ နောက်ထပ် Starlink ၉ လုံးကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

၎င်းတို့ကို ဘန်ကောက်မြို့ရှိ ခလောင်တန်ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ အလုပ်ရှင်က ပါဆယ်ပို့ခိုင်းခြင်းဖြစ်ကြောင်း ကနဦး ထွက်ဆိုထားသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထို့မှတစ်ဆင့် ဘန်ကောက်မြို့ရှိ အခြား အမှုနှင့် ဆပ်စပ်နေသောနေရာများကို လိုက်လံစစ်ဆေးရာ နောက်ထပ် မြန်မာနိုင်ငံသား ၈ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၀ ဦးမှာ ကျောင်းသားများဖြစ်ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပြီး ဖမ်းဆီးခဲ့သော နေ့ရက်ကို ဖော်ပြထားခြင်းမရှိပေ။

ထို့ကြောင့် စုစုပေါင်း Starlink အင်တာနက် ၁၉ လုံးကို သိမ်းဆည်းရမိခဲ့ပြီး တစ်လုံးလျှင် ဘတ် ၅၀၀၀၀ ခန့် တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

Starlink များကို ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အွန်လိုင်းလောင်းကစား နေရာများသို့ ပို့ဆောင်နိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး ဆက်သွယ်ရေးဥပဒေနှင့် အကောက်ခွန်ဥပဒေများဖြင့် အမှုဖွင့်ထားကြောင်း‌ ဖော်ပြထားသည်။

Ref: Khaosod, Matichon Online, MGR Online