ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရုပ်မြင်သံကြားတွေဟာ ဒါကာမြို့ကောင်းကင်ထဲကို ဟယ်လီကော်ပတာတစ်စီးပျံတက်သွားတဲ့ ပုံတွေကို ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ထုတ်လွှင့်လိုက်တယ်။ ပျော်ရွှင်မှုဟာ လူထုတစ်ရပ်လုံးရဲ့ မျက်နှာပေါ်မှာ ပေါက်ကွဲသွားတယ်။ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ တိုင်းပြည်ကနေ ထွက်ပြေးသွားပြီဆိုတဲ့ သတင်းဟာ လမ်းပေါ်က သန်းနဲ့ချီသော ဆန္ဒပြသူတွေရဲ့ ရင်ဘတ်ကို နက်နက်ရှိုင်းရှိုင်း လှုပ်ခါပစ်လိုက်တယ်။
ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံးအမျိုးသမီးဝန်ကြီးချုပ်တွေထဲမှာ ပါတဲ့ သံမဏိလေဒီ ရှိတ်ဟာဆီနာကို နာကျည်းမှုနဲ့ သွေးအပွက်ပွက်ဆူနေတဲ့ နိုင်ငံသားတွေက ပလ္လင်ပေါ်ကနေ တိုက်ချပစ်နိုင်ခဲ့ပြီ။ ၁၉၇၅ ခုနှစ်က စစ်အာဏာသိမ်းမှုမှာ ဖခင်ဖြစ်သူ လွတ်လပ်ရေးခေါင်းဆောင်အပါအဝင် မိသားစုဝင်အားလုံး လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးနောက် သူမ တိမ်းရှောင်နေထိုင်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံကို အသက် ၇၆ နှစ်အရွယ်မှာ တစ်ကျော့ပြန်ထွက်ပြေးသွားခဲ့ရပြီ။
သံလက်သီးနဲ့ ဖိနှိပ်လာတဲ့ သံမဏိလေဒီကို အသေခံတော်လှန်လာကြတဲ့ ပြည်သူတွေရဲ့ အောင်ပွဲရလက်သီးဆုပ်တွေဟာ ဂုဏ်ယူမှုနဲ့ လေထဲမှာ ဝင့်။ သီချင်းသံတွေနဲ့ အဖော်ပြုလာတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားအလံတွေဟာ ခေတ်သစ်တစ်ခုကို ကြိုဆိုကာ ဝဲလွင့်နေတယ်။ ပိန်းပိတ်အောင် မှောင်နေတဲ့ သွေးထွက်သံယို ဥမင်လိုဏ်ခေါင်းထဲ ရက်သတ္တပတ် အတော်ကြာအောင် ခရီးနှင်လာခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဟာ အလင်းရောင်ကို လက်ခနဲ မြင်လိုက်ရပြီ။
ဒါဟာ အမှောင်ဥမင်ထဲကနေ ထွက်ပေါက်ကို မြင်လိုက်ရတဲ့ အလင်းရောင်လား။ ဒါမှမဟုတ် သူတို့အားလုံးကို အသေဝင်တိုက်ပစ်တော့မယ့် ရထားတစ်စင်းရဲ့ မီးရောင်လား။
လွတ်လပ်ရေးမော်ကွန်းဝင်ခွဲတမ်းစနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကနေ ပေါ်ပေါက်လာတဲ့ လူ ၃၀၀ ကျော် အသက်ပေးခဲ့ရတဲ့ လူထုအုံကြွမှုကြီး အောင်ပွဲဆင်သွားပြီးနောက် မတည်ငြိမ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ အာဏာလေဟာနယ် ဖြစ်ပေါ်လာတယ်။ ယာယီစစ်အုပ်ချုပ်ရေးကာလတစ်ခုရဲ့ အရိပ်အယောင်တွေ ကိုယ်ထင်ပြလာတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ သွေးထွက်သံယိုတွေ ကြားကနေ နိုင်ငံအဖြစ် မွေးဖွားလာခဲ့သလို တိုင်းပြည်သမိုင်းတလျှောက် စစ်အာဏာသိမ်းမှုတွေ၊ တန်ပြန်အာဏာသိမ်းမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
သပွတ်အူလို ရှုပ်ထွေးမှုမျိုးနဲ့ အခန့်မသင့်တဲ့ ရံဖန်ရံခါတွေမှာ သွေးစွန်းရလေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ စစ်တပ်က ဝင်စွက်ဖက်ခြယ်လှယ်တဲ့ အစဉ်အလာက အမြစ်တွယ်ပြီးသား။
ရှိတ်ဟာဆီနာဟာ ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်သွားပြီ ဖြစ်ကြောင်း၊ အတိုက်အခံတွေ၊ အရပ်ဘက်အင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ကြားဖြတ်အစိုးရဖွဲ့ ဖို့ သူ ကြိုးစားနေတယ်ဆိုတဲ့အကြောင်း ဩဂုတ်လ ၅ ရက်နေ့ရဲ့ ဒေသစံတော်ချိန် ညနေ လေးနာရီမှာ နိုင်ငံရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ် ဝါကာက နိုင်ငံသားတွေကို မိန့်ခွန်းပြောတယ်။ ကျောင်းသားတွေက ဒီဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့တယ်။
ကြားဖြတ် အစိုးရ ဦးဆောင်သူ
ကျောင်းသားတွေဘက်က ထောက်ခံအဆိုပြုထားတဲ့ နိုဘယ်ဆုရှင် ပရဟိတ စီးပွားရေးသမား မိုဟာမက်ယူနွတ်က ကြားဖြတ်အစိုးရကို ဦးဆောင်တော့မယ်။ စစ်ဘက်ခေါင်းဆောင်တွေ၊ သပိတ်ခေါင်းဆောင်ကျောင်းသားတွေ ၊ အထင်ကရစီးပွားရေးသမားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပြီးနောက် ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ဒီဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။
ဆန္ဒပြသူတွေ သတ်ဖြတ်ခံရမှုအတွက် တရားမျှတမှုရရှိအောင် ဆောင်ကျဉ်းဖို့ ယူနွတ်အနေနဲ့ ပထမဆုံးစတင် လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ရှိတ်ဟာဆီနာ မြေမြှုပ်ပစ်လိုက်တဲ့ ပြိုင်ဆိုင်မှုရှိတဲ့ နိုင်ငံရေးစနစ်ကို ပြန်လည်အသက်သွင်းဖို့ သူ ကြိုးစားရမှာပါ။
နိုင်ငံရေးပါတီတွေ အခြားသက်ဆိုင်ရာအစုအဖွဲ့တွေကြား ဆွေးနွေးညှိနှိုင်းပြီးနောက် အစိုးရအဖွဲ့အသစ်မှာ ပါဝင်မယ့်သူတွေကို မကြာခင်အတည်ပြုဆုံးဖြတ်တော့မယ်လို့လည်း သိရပါတယ်။ ဆန္ဒပြကျောင်းသားတွေဟာ အစိုးရအဖွဲ့မှာ ပါဝင်မယ့် နောက်ထပ်လူပုဂ္ဂိုလ်တွေကိုလည်း ဆက်လက်အဆိုပြုသွားမှာ ဖြစ်တဲ့အကြောင်း၊ အာဏာပိုင်တွေအဖို့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုဖို့ ခက်ခဲမှာ ဖြစ်တဲ့အကြောင်း သပိတ်ခေါင်းဆောင်ကျောင်းသားတစ်ဦးဖြစ်သူ နာဟစ်အစ္စလာမ်က ပြောပါတယ်။
ပလ္လင်ပြုတ်ဝန်ကြီးချုပ် ဟာဆီနာရဲ့ ကာလရှည်အတိုက်အခံဖြစ်တဲ့ ယူနွတ်ဟာ ပါရီမြို့မှာ အိုလံပစ်ပြိုင်ပွဲကျင်းပရေးအတွက် အကြံပေးလုပ်နေရာကနေ မကြာခင် ပြည်တော်ပြန်လာတော့မယ်လို့ မျှော်လင့်နေကြပါတယ်။
ဘဏ်လုပ်ငန်းရှင်၊ ဘောဂဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ယူနွတ်ဟာ ၁၉၈၃ ခုနှစ်မှာ ဂရာမီးဘဏ်(Grameen Bank) ကို တည်ထောင်ပြီး ပုံမှန်ဘဏ်တွေဆီကနေ ငွေချေးဖို့ မဖြစ်နိုင်တဲ့ သူဆင်းရဲတွေကို အသေးစားချေးငွေတွေ ထုတ်ချေးခဲ့ပါတယ်။ လူထောင်ပေါင်းများစွာရဲ့ ဘဝကို ဆင်းရဲတွင်းထဲကနေ ဆွဲထုတ်နိုင်ခဲ့တဲ့ အသေးစားငွေချေးလုပ်ငန်း ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နိုင်ခဲ့မှုကြောင့် ၂၀၀၆ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခံခဲ့ရပါတယ်။
ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ နုတ်ထွက်သွားတဲ့အပေါ် ယူနွတ်က “တိုင်းပြည်ရဲ့ ဒုတိယလွတ်လပ်ရေးနေ့”လို့ ဝိဂြိုဟ်ပြုခဲ့တယ်။ ကြားဖြတ်အစိုးရ ဖွဲ့ပြီး ရွေးကောက်ပွဲအသစ် ကျင်းပနိုင်ရေးအတွက် ပါလီမန်ကို တရားဝင်ဖျက်သိမ်းကြောင်း သမ္မတရှာဟာဘူဒီးက အင်္ဂါနေ့မှာ ကြေညာတယ်။
ဟာဆီနာရဲ့ ကာလရှည်ပြိုင်ဘက်ဖြစ်သူ အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာကိုလည်း နေအိမ်အကျယ်ချုပ်ကနေ လွတ်ငြိမ်းခွင့်အမိန့် ထုတ်ခဲ့တယ်။ ခါလီဒါဇီယာဟာ ၂၀၁၈ ခုနှစ်စပြီး အကျင့်ပျက်ခြစားမှုနဲ့ နေအိမ်အကျယ်ချုပ်အကျခံနေခဲ့ရပါတယ်။ ဆန္ဒပြပွဲတွေအတွင်း အဖမ်းဆီးခံထားရသူအားလုံးကိုလည်း ပြန်လွှတ်ပေးခဲ့တယ်။ ဟာဆီနာအာဏာရနေစဉ်ကာလမှာ ယူနွတ်ကိုယ်တိုင်လည်း အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲဆိုမှုတွေ ရင်ဆိုင်ခဲ့ရတယ်။ ဒါတွေဟာ နိုင်ငံရေးအရ လုပ်ကြံတာသက်သက်ပဲလို့ ယူနွတ်က အာဇာနည်လေသံနဲ့ ပြက်ရယ်ပြုခဲ့တယ်။
တိုင်းပြည်ကနေ ထွက်မပြေးရခင်ညမှာ ဟာဆီနာက စစ်ဦးချုပ်ကို အိမ်အပြင်မထွက်ရအမိန့်ထုတ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် စစ်ဦးစီးချုပ်က အိမ်အပြင်မထွက်ရအမိန့်ကို အသက်သွင်းဖို့ မဖြစ်နိုင်တော့ကြောင်း စောဒကတက်ခဲ့တယ်။ စစ်ဦးချုပ်ဟာ သူ့ဗိုလ်ချုပ်တွေနဲ့ အစည်းအဝေးထိုင်ပြီး ‘ဆန္ဒပြအရပ်သားပြည်သူတွေကို ပစ်သတ်တာမျိုး’ မလုပ်နိုင်တော့တဲ့အကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ စစ်တပ်အရာရှိတွေက ပြောပါတယ်။
စစ်ဘက်ခေါင်းဆောင်တွေနဲ့ စကားပြောပြီးနောက်မှာ ဟာဆီနာဟာ ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ သူမ အခုရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အတိုက်အခံနဲ့ အလုပ်သမားတွေကို ထောင်နဲ့ချီ ဖမ်းဆီးအကျဉ်းချပြီးနောက် ကျင်းပခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီရွေးကောက်ပွဲမှာ ဟာဆီနာက အနိုင်ရပြီး လေးကြိမ်ဆက်ဝန်ကြီးသက်တမ်း အရယူခဲ့ပါတယ်။ ပွင့်လင်းမျှတမှုမရှိဘူးလို့ လေ့လာသူတွေက သတ်မှတ်ထားတဲ့၊ အဓိကအတိုက်အခံတွေက သပိတ်မှောက်ခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ အနိုင်ရပြီး ၇ လ အကြာမှာပဲ ဟာဆီနာဟာ ‘လျှောကျနောက်ဆုံး ရှိချေ၏’ အဖြစ်ကို ရောက်ခဲ့ရတာပါ။
ဟာဆီနာတစ်ယောက် ဟယ်လီကော်ပတာနဲ့ ထွက်ပြေးသွားပြီးနောက်မှာ ကျောင်းသားတွေက သူမရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့သလို သူမရဲ့ မိသားစုနဲ့ ပါတီနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေကို စီးနင်းဖျက်ဆီးခဲ့ပါတယ်။ ဒါကာမြို့အခြေစိုက် Centre for Policy Dialogue ရဲ့ ပညာရှင်တစ်ယောက်က လူနည်းစုဟိန္ဒူဘာသာဝင်တွေအပေါ် တိုက်ခိုက်မှုတွေလည်း တိုးပွားလာနေတယ်လို့ ပြောပါတယ်။ အိန္ဒိယဆိုတဲ့ အညှိုးနဲ့ ဟိန္ဒူဘာသာဝင်တွေ တိုက်ခိုက်ခံနေရတာပါ။
“အိန္ဒိယက ရှိတ်ဟာဆီနာကို အပြည့်အဝထောက်ခံပေးခဲ့တယ်ဆိုတဲ့ ခံစားချက်က လူတွေကြားမှာ ရှိနေတယ်။ ဆန္ဒပြသူတွေဟာ အိန္ဒိယနဲ့ ဟိန္ဒူဘာသာဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို မခွဲခြားဘူး။ အဲဒါကြောင့်ပဲ ဟိန္ဒူဘုရားကျောင်းတွေနဲ့ ဟိန္ဒူဘာသာဝင်တွေအပေါ်မှာ တိုက်ခိုက်မှုတွေ ဖြစ်လာနေတယ်”
အစိုးရအသစ်အနေနဲ့ ဘာသာရေးအရ လူနည်းစုတွေကို ကာကွယ်ပေးဖို့ လိုမယ်ဆိုတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။
မေးခွန်းသုံးခု
စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ နယ်မြေသစ်ထဲ တိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ကို အဓိကမေးခွန်းသုံးခုက အရိပ်ထိုးနေတယ်။
ပထမမေးခွန်းကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ လမ်းမတွေပေါ်က ပရမ်းပတာအခြေအနေတွေနဲ့ တိုင်းပြည်စီးပွားရေးကဏ္ဍထဲက ပရမ်းပတာအခြေအနေတွေ အရှိန်ဆက်ရနေမလားဆိုတဲ့ မေးခွန်းပါပဲ။ အမုန်းတရားနဲ့ ဘက်ပြိုင်ခါးသီးမှုတွေ တန်ခိုးထွားနေတဲ့ ဒီလူ့အဖွဲ့အစည်းမှာ ဒါကာမြို့တော်ပေါ်က အောင်ပွဲခံမှုတွေအပြင် လက်စားချေ အကြမ်းဖက်လိုမှုတွေကလည်း ကိုယ်ထင်ပြခွင့်ရဖို့ အသင့်ချောင်းနေတယ်။
ဟာဆီနာကို ထောက်ခံသူတွေနဲ့ အတိုက်အခံအုပ်စုတွေ၊ ဆန္ဒပြကျောင်းသားပြည်သူတွေကြားက ဆက်ဆံရေးဟာ တစ်ဖက်နဲ့တစ်ဖက် လည်လှီးချင်နေကြတယ်။ ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းမှာ ဒါကာမြို့နဲ့ အခြားနေရာဒေသတွေမှာ မီးရှို့ခံလိုက်ရတဲ့ အာဏာရပါတီရဲ့ ရုံးခန်းတွေက ဒါကို ဖော်ပြနေတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးဟာ ယေဘုယျခြုံငုံကြည့်လိုက်ရင် တိုးတက်နေခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီစီးပွားရေးတိုးတက်မှုက လူငယ်ထုကို ဖိစီးနှိပ်စက်နေတဲ့ အလုပ်လက်မဲ့ပြဿနာကို မျက်နှာဖုံးစွပ်ပေးထားခဲ့တယ်။ အပေါ်ယံကြည့်လိုက်ရင် တိုင်းပြည်စီးပွားရေးတိုးတက်မှုကို မြင်ရပေမယ့် လူဦးရေပေါက်ကွဲနေတဲ့ ဒီနိုင်ငံရဲ့ အလုပ်လက်မဲ့ ပြဿနာကို ဖုံးကွယ်ထားသလို ဖြစ်နေခဲ့တယ်။
ဘင်္ဂလားဒေ့ရှ်လူငယ်ထုရဲ့ ငါးပုံနှစ်ပုံဟာ အာမခံချက်ရှိတဲ့ အလုပ်တွေကို မရကြဘူး။ တိုင်းပြည်ရဲ့ ခရိုနီလုပ်ငန်းရှင်ကြီးတွေက သူတို့ ငွေလုံးငွေရင်းတွေကို ဘင်္ဂလားဒေ့ရှ်ပြင်ပကို ပို့ထားတာကလည်း ပြည်ပငွေပေးငွေယူရှင်းတမ်းလက်ကျန်ပြဿနာကို တစိတ်တပိုင်းမီးထိုးပေးနေတယ်။
နိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေဟာ ၂၀၂၁ ခုနှစ်ကစပြီး တစ်ဝက်ကျော်အထိ ကျဆင်းလာနေခဲ့တယ်။ နက်ရှိုင်းလာနေတဲ့ ဒီအကျပ်အတည်းကို ကြားဖြတ်အစိုးရကလည်း ရင်ဆိုင်ဖြေရှင်းနိုင်ပုံ မရဘူး။ လက်ရှိပြဿနာတွေကို ကုစားနိုင်မယ့်အစား ပိုဆိုးသွားနိုင်တဲ့ အနေအထားကို စိုးရိမ်နေရတယ်။
ဒုတိယမေးခွန်းကတော့ စစ်တပ်ကြောထောက်နောက်ခံပြု ကြားဖြတ်အစိုးရကာလ ပြီးဆုံးသွားတဲ့နောက်မှာ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်တစ်ရပ် တည်ဆောက်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းပါပဲ။ လူငယ်ဆန္ဒပြသူတွေကြားမှာတော့ ‘ဒီမိုကရေစီ ဆာလောင်မှု’က ပြင်းပြင်းပျပျ ထင်ထင်ရှားရှားကို လောင်ကျွမ်းနေတာပါ။ ဆန္ဒပြလူငယ်တစ်ယောက်ရဲ့ ပြောစကားကိုပဲ ကြည့်ပါ။
“ဆန္ဒပြပွဲတွေမှာ ကျနော် လွန်ခဲ့တဲ့ ၁၄ ရက်ကစပြီး ပူးပေါင်းပါဝင်လာခဲ့တာပါ။ ဒီနေ့က ၁၅ ရက်မြောက်နေ့ပါ။ အခု ကျွန်တော်တို့ အောင်ပွဲကို မြင်တွေ့ခဲ့ရပါပြီ။ လက်ရှိဘင်္ဂလားဒေ့ရှ်ဟာ Gen-Z လူငယ်တွေနဲ့ တည်ဆောက်ထားတာပါ။ ဘယ်စစ်အုပ်ချုပ်ရေးမှ ကျွန်တော်တို့ မလိုချင်ဘူး။ လူသားဆန်တဲ့ တန်ဖိုးတွေကို စွဲမြဲခိုင်မာစေမယ့် အခြေခံဥပဒေတစ်ရပ်ကိုပဲ ကျွန်တော် လိုချင်တယ်”
ဒါပေမယ့် အတိုက်အခံအားလုံးကို ဖယ်ရှားဖို့ နှစ်ပေါင်းများစွာကြိုးစားလာခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာရဲ့ လုပ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ ဟောင်းလောင်းပွင့်နေတဲ့ ဟာကွက်တစ်ခု ဖြစ်စေခဲ့ပါတယ်။ တရားရုံးတွေကအစ ရွေးကောက်ပွဲကော်မရှင်အဆုံး လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေဟာ ယိုင်လဲချည်နဲ့နေပါတယ်။ အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ(BNP)ရဲ့ ခေါင်းဆောင်တော်တော်များများကလည်း ထောင်ကျနေပါတယ်။ သူတို့သာ ပြန်လွတ်လာရင် ပါတီရဲ့ အင်အားကို ပြန်တည်ဆောက်ကြမှာပါ။
ဒါပေမယ့် BNP ပါတီဟာ အာဏာရပါတီ Awomi League မှာ ဖြစ်နေတဲ့ အလားတူ ပြဿနာတွေနဲ့ ထူးမခြားနားပါပဲ။ အတွင်းပိုင်းမှာ လှိုက်စားပါတယ်။ အာဏာရပါတီလိုမျိုး သားစဉ်မြေးဆက် နေရာဆက်ခံတဲ့ ဓလေ့၊ လက်သင့်ရာစားတော်ခေါ်တဲ့ ခရိုနီဝါဒ ၊ အာဏာရခဲ့စဉ်တုန်းက အတိုက်အခံတွေကို ဖိနှိပ်ခဲ့တဲ့ အစဉ်အလာ အပါအဝင် ဘုန်းပေါလအော ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေးပါတီအသစ်တွေ ပေါ်ပေါက်လာဖို့ လိုအပ်နေပါတယ်။ ၂၀၀၇ ခုနှစ်မှာ မိုဟာမက်ယူနွတ်က နိုင်ငံရေးလှုပ်ရှားမှုသစ်တစ်ရပ် ပေါ်ပေါက်လာဖို့ ကြိုးစားခဲ့ဖူးပါတယ်။ နောက်ဆုံးအနေနဲ့ ထူးထူးခြားခြားပေါ်ထွက်လာခဲ့ဖူးတဲ့ ဒီနိုင်ငံရေးကြိုးပမ်းမှုဟာလည်း အာဏာချုပ်ကိုင်ထားသူ လူတစ်စုရဲ့ အော်ဘလီဂါခီခံတပ်ကို မထိုးဖောက်နိုင်ဘဲ ကျဆုံးခဲ့ရပါတယ်။
နောက်ဆုံး တတိယမေးခွန်းကတော့ လက်ရှိဘင်္ဂလားဒေ့ရှ်ရဲ့ ဦးတည်ရာလမ်းကြောင်းကို လွှမ်းမိုးနိုင်အောင် ပြင်ပအင်အားကြီးနိုင်ငံတွေက ဘယ်အတိုင်းအတာအထိ ကြိုးစားကြမလဲဆိုတဲ့ မေးခွန်းပါပဲ။ ရှိတ်ဟာဆီနာလက်ထက် ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်၊ အိန္ဒိယနဲ့ အနောက်နိုင်ငံတွေကြားက ပါဝါမျှခြေကို ထိန်းထားနိုင်တဲ့ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီမျှခြေပုံသဏ္ဍန်ကြောင့် တစ်ဖက်မှာ မိမိတိုင်းပြည်အတွက် အကျိုးအမြတ်အများဆုံးရစေပြီး အခြားတစ်ဖက်မှာ မိမိပြည်တွင်းရေးကို ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှု အနည်းဆုံးဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီနည်းကို ကျင့်သုံးခဲ့တာပါ။ ဆွေးမြေ့ပုပ်သိုးလာနေတဲ့ အာဏာရှင်အစိုးရတစ်ရပ်ကို အချိန်အကြာကြီး ကျောထောက်နောက်ခံပေးလာရပြီးနောက်မှာတော့ လက်ရှိအချိန်မှာ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်မှာ ပိုမိုနက်ရှိုင်းတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာအောင် တွန်းအားပေးဖို့ ပိုဆန္ဒရှိနေမှာပါ။
ရှိတ်ဟာဆီနာရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မကြာခဏ မျက်နှာလွှဲနေခဲ့ပေမယ့်လည်း အမေရိကန်နဲ့ ဥရောပဟာ ဘင်္ဂလားဒေ့ရှ်အပေါ်မှာ တစုံတရာ ဩဇာလွှမ်းမိုးမှုရှိပါတယ်။ အမေရိကန်နဲ့ ဥရောပဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အထည်အချုပ်ထုတ်ကုန်တွေ တင်ပို့ပေးနေတဲ့ အဓိကဈေးကွက်တွေ ဖြစ်သလို ဘင်္ဂလားဒေ့ရှ်အတွက် ဘဏ္ဍာရေးအထောက်အကူပေးဖို့ အလားအလာရှိတဲ့ အရင်းအမြစ်တွေ ဖြစ်တာကြောင့်လည်း ပါပါတယ်။
နောက်ဆုံးပြောရရင်တော့ ဘင်္ဂလားဒေ့ရှ်ရဲ့ ကံကြမ္မာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ လက်ထဲမှာပဲ ရှိနေတာပါ။ ဗိုလ်ချုပ်ဝါကာကတော့ ကြားဖြတ်အစိုးရဖွဲ့ဖို့ ကြိုးစားနေတုန်း ‘စိတ်ရှည်သည်းခံပေးကြဖို့’ နိုင်ငံသားတွေကို တိုက်တွန်းခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်လူထုရဲ့ စိတ်ရှည်သည်းခံမှုကို အချိန်အကြာကြီး မစမ်းသပ်သင့်ဘူးဆိုတာကတော့ ငြင်းစရာမလိုတော့ပါဘူး။ ဩဂုတ်လ ၅ ရက်နေ့မှာ ဒါကာမြို့ကောင်းကင်ထဲကို ပျံတက်သွားတဲ့ ဟယ်လီကော်ပတာတစ်စီးက ဒါကို သက်သေပြနေလို့ပါပဲ။
Ref: The Guardian, The New York Times, Al Jazeera, The Economist, Associated Press
ဈာန်ဟိန်း