BREAKING
January 16, 2025

တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

August 7, 2024

တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ယနေ့(သြဂုတ် ၇) မွန်းလွဲပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူအချို့က ပြောသည်။

ဩဂုတ်လ ၇ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် သကျက်ကျေးရွာအုပ်စု ဆင်ခေါင်းတောင်ဘုရားကုန်းနှင့် ကွင်းသစ်ရွာ နှစ်နေရာကို တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးလာကြဲသွားခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တိုင်းပကဖ) တာဝန်ခံ ကိုစတားက ပြောသည်။

“တိုက်ပွဲဖြစ်တာမျိုးမရှိပါဘူး၊ PDF တွေရှိတယ်ထင်ပြီး ဗုံးလာကြဲတာဖြစ်မယ်၊ ထိခိုက်မှုတော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပဲ” ဟု ကိုစတားက ဆိုသည်။

တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခလရ ၅၅၆ တပ်ရင်းကို စစ်တပ်က ရိက္ခာပို့သည့်ကားများ ရောက်ရှိနေပြီး တပ်အချိန်းအပြောင်းလုပ်ရန်အတွက် လမ်းကြောင်းရှင်းပေးသည့်အနေဖြင့် လေကြောင်းဖြင့် ဗုံးကြဲခြင်းဖြစ်နိုင်သည်ဟု မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ဆိုသည်။

“အလုံး သုံးဆယ်ကျော်ကြဲချခဲ့တယ်၊ တစ်ယောက်အနည်းငယ်ထိတယ်လို့သိရတယ်” ဟု ကိုမျိုးကြီးက ပြောသည်။

သကျက်ရွာ၊ တောင်ဘိန်းရွာ၊ ဆင်ခေါင်းရွာ ၊ ကွင်းသစ်ရွာ၊ ကျွဲထိန်းကုန်းရွာများကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျွဲထိန်းကုန်းရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်းအပြင် တနင်္သာရီမြို့နယ် လယ်သစ်အနောက်ကမ်းရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ဩဂုတ်လ ၂ ရက်မှ ၅ ရက်နေ့အတွင်း ထိတွေ့တိုက်ပွဲ ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်ဟု ကိုစတားက ဆက်လက်ပြောဆိုသည်။

ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က သုံးဆယ်ခန့်ထိခိုက်ကျဆုံးမှုရှိပြီး ရေဘေး၊ စစ်ဘေးရှောင်နေရသည့် လယ်သစ်အနောက်ကမ်းရွာက ဒေသခံများ၏ နေအိမ် လေးလုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကိုစတားက ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေနှင့်ပတ်သက်ပြီး Dawei Watch ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။