BREAKING
September 16, 2024

စစ်ရေးတင်းမာနေသည့် ရေး-သံဖြူဇရပ်လမ်းပိုင်း ညဘက်မသွားလာရန်ကန့်သတ်

August 7, 2024

ပုံစာ - ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ။

မွန်ပြည်နယ်၊ ရေးနှင့် သံဖြူဇရပ်မြို့ကြား တိုက်ပွဲနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည့် ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတွင် ညနေ ၆ နာရီမှ နံနက် ၆နာရီအတွင်း ဖြတ်သန်းမသွားလာကြရန် တော်လှန်ရေးအင်အားတို့က ကန့်သတ်ထားသည်။

ကန့်သတ်ထားချိန်အတွင်း ဖြတ်သန်းသွားလာသည့် မည်သည့်ယာဉ်ကိုမဆို ပစ်ခတ်မည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံလက်မှတ်ထိုးထားသည့် ထုတ်ပြန်ချက်တစ်ရပ်ကို ဩဂုတ်လ ၅ ရက်က ထုတ်ပြန်သည်။

အရေးပေါ် သွားလာရမည့် လူနာတင်ယာဉ်များအနေဖြင့် ၈၀ ကီလိုမီတာထက် ပိုမမောင်းနှင်ရန်၊ မှန်ပြတင်းချပြီး မောင်းရန်၊ ယာဉ်ကိုယ်ထည်အတွင်း မီးဖွင့်မောင်းရန်နှင့် ဥဩအသံဖွင့်မောင်းရန် ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၅ ရက် ည ၇ နာရီခန့်က သံဖြူဇရပ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသည့် ကွန်တိန်နာယာဉ် ငါးစီး ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာလမ်းဝ မရောက်မီ သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် ပစ်ခတ်ခံရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကွန်တိန်နာယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ရေး-သံဖြူဇရပ်လမ်းပိုင်းကတော့ ညပိုင်းမပြောနဲ့ နေ့ခင်းပိုင်းတောင် အန္တရာယ်များတယ်။ စစ်တပ်ကလည်း စစ်ကြောင်းထိုး နေတယ်။ အဲဒီမှာက တော်လှန်ရေးတပ်တွေကလည်း ရှိနေတယ်။ တိုက်ပွဲဆိုရင်လည်း နေ့တိုင်းနီးပါးကိုဖြစ်နေတာ။ အခြေအနေကတော့ အရေးမကြီးရင် မသွားတာက အကောင်းဆုံးပါ။ သွားတာ လာတာ သတိရှိဖို့လိုတယ်” ဟု ရေးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် သံဖြူဇရပ်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက အင်အားတိုးချဲ့လာနေပြီး ဇူလိုင်လအတွင်းမှာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်။

ရေးမြို့နယ်ထဲကို စစ်ကောင်စီက ရေကြောင်း၊ ကုန်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ပြီး လက်ရှိတွင် သံဖြူဇရပ်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမတစ်လျှောက် ကင်းပုန်းချထားသည့်အပြင် လမ်းတစ်လျှောက်ရှိ ကျေးရွာတို့တွင် ဝင်ရောက် တပ်စွဲကာ ဒေသတွင်း စစ်ရေးလှုပ်ရှားနေကြောင်းဒေသခံတို့က ပြောသည်။

တစ်ဖက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ဝင်ရောက်တိုက်ခိုက်ခြင်း ဆက်တိုက်ပြုလုပ်နေသောကြောင့် ဒေသတွင်း တိုက်ပွဲနေ့စဉ်နီးပါးဖြစ်ပွားနေသည်။

“စစ်ကောင်စီဘက်က တပ်အင်အားတွေ တိုးချဲ့လာနေတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့က တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်နေတာရှိတယ်။ သူတို့ဘက်က သေဆုံးတာတွေလည်း ရှိနေတယ်။ တိုက်ပွဲတွေကတော့ ဆက်ရှိလာနိုင်တယ်” ဟု ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရေးမြို့နယ်အတွင်း တိုက်ပွဲအချိန်မရွေး၊ နေရာမရွေး ဖြစ်လာနိုင်သည့်အတွက် ပြည်သူများ အရေးကြီးကိစ္စမဟုတ်လျှင် မသွားလာကြရန်နှင့် မဖြစ်မနေ သွားလာရပါ သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုဘက်က ထုတ်ပြန် သတိပေးမှုများလည်း ရှိသည်။