BREAKING
January 16, 2025

ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ဖျက်သိမ်းခံရ

August 7, 2024

ပုံစာ - ယနေ့ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ရောက်ရှိလာသော Move Forward ပါတီခေါင်းဆောင် ပီထာကို တွေ့ရစဉ်။ ဓာတ်ပုံ – Khaosod English, Thai Enquirer

ပြီးခဲ့သောနှစ် မေလရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ ဇူလိုင်လ ၇ ရက် ညနေ သုံးနာရီခွဲတွင် အမိန့်ချမှတ်လိုက်သည်။

ပါတီခေါင်းဆောင်ပိုင်းများဖြစ်သော ပီထာအပါအဝင် ပါတီဦးဆောင်သူများကိုလည်း နိုင်ငံရေး ဆက်လုပ်ခွင့် ၁၀ နှစ် ခုံရုံးက ပိတ်ပင်လိုက်သည်။

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဖျက်သိမ်းရေးနှင့် ပါတီခေါင်းဆောင်ပိုင်းများကို နိုင်ငံရေးက ရပ်နားရေး ဆုံးဖြတ်ပေးရန် ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သော မတ်လ ၂၉ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ထားခြင်း ဖြစ်သည်။

တော်ဝင်ဥပဒေဖြစ်သော ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် Move Forward ပါတီ၏ မဲဆွယ်ကတိနှင့် ပါတီမူဝါဒများသည် ဥပဒေ ချိုးဖောက်ခြင်း ရှိ မရှိ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပေးပြီး ပါတီကို ဖျက်သိမ်းပေးရန် တင်သွင်းထားခြင်းဖြစ်သည်။

ပုဒ်မ ၁၁၂ အရ ဘုရင်၊ မိဖုရားနှင့် နန်းမွေဆက်ခံသူ သို့မဟုတ် ဘုရင်ခံနှင့် တော်ဝင်မျိုးနွယ်များကို အသေရေဖျက်ခြင်း၊ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။

ပုဒ်မ ၁၁၂ ကို ပြုပြင်ရေး ရွေးကောက်ပွဲကတိပေးခဲ့သော Move Forward ပါတီကို ဖျက်သိမ်းရေး တင်သွင်းချက်ကို အခြေခံဥပဒေခုံရုံးက ဧပြီလအစောပိုင်းတွင် သဘောတူလက်ခံခဲ့ပြီး အချိန်လေးလကျော်အကြာ ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် Move Forward ပါတီကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

Move Forward ပါတီသည် ပြီးခဲ့သောနှစ် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် ပြည်သူ ၁၄ သန်း၏ မဲပေးထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့သော်လည်း အစိုးရဖွဲ့နိုင်ရန် လွှတ်တော်အမတ်နေရာ အရေအတွက်လုံလုံလောက်လောက် မရရှိခဲ့သဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကြိုးစားခဲ့သည်။

ညွန့်ပေါင်းအစိုးရတွင်လည်း ပါတီခေါင်းဆောင် ပီထာက ထိုင်းဝန်ကြီးချုပ်ဖြစ်ရန်အထိ ကြိုးစားခဲ့သော်လည်း အထက်လွှတ်တော်အမတ်များ၏ မဲအရေအတွက် လုံလုံလောက်လောက်မရသဖြင့် ဝန်ကြီးချုပ် ဖြစ်ခွင့်မရခဲ့ပေ။

ထို့နောက် ပါတီခေါင်းဆောင် ပီထာကို မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ကုမ္ပဏီ၏ ရှယ်ယာများ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ရန် ခုံရုံးက အမိန့်ချခဲ့သည်။

ထို့ကြောင့် ပီထာသည် လွှတ်တော်အမတ်အဖြစ်ရော ပါတီခေါင်းဆောင်နေရာကိုပါ စွန့်လွှတ်ခဲ့ရသည်။

နောက်ပိုင်းတွင် ပီထာသည် iTV ရှယ်ယာပိုင်ဆိုင်ထားမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေကို ကျူးလွန်မှုမရှိသဖြင့် အပြစ်မရှိကြောင်း ခုံရုံးက ပြန်အမိန့်ချခဲ့သည်။

Move Forward ပါတီမတိုင်ခင် လှုပ်ရှားခဲ့သော ပါတီဖြစ်သည့် Future Forward party ကလည်း ပြီးခဲ့သော ၂၀၂၀ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရပြီး ပါတီခေါင်းဆောင် Thanathorn Juangroongruangkit ကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ခဲ့သည်။

ပါတီဖျက်သိမ်းခံရပြီးနောက် ပီထာခေါင်းဆောင်ပြီး ကျန်လွှတ်တော်အမတ်များဖြင့် Move Forward ပါတီကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိထားခဲ့သော်လည်း ယနေ့တွင် ပြန်လည်ဖျက်သိမ်းခံလိုက်ရခြင်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၀၇ ခုနှစ်ကလည်း သက်ဆင်ဦးဆောင်ခဲ့သော Thai Rak Thai ပါတီကို ခုံရုံးက ဖျက်သိမ်းခဲ့သေးသည်။

Ref: Khaosod English, The Nation Thailand