BREAKING
December 22, 2024

The Sheronies of Tavoy - ထားဝယ်နှင်းဆီ

August 7, 2024

[အခန်း ၁၇]

ယခင်က နီနီရိန်နှင့် စခန်းမှကလေးများ ဆင်းဆော့နေကျ စခန်းအနောက်မှ လျှိုမြောင်ကြီး။

အပေါ်စီးမှ ကြည့်လျှင် မတ်စောက်သော ကျောက်ဆောင်များ၊ သစ်ပင်အုပ်အုပ်များသာမြင်နေရသည်။ သစ်ပင်အုပ်များကြား လူတစ်ယောက်စာ ခက်ခက်ခဲခဲဆင်းရသော လမ်းကလေးလည်းရှိ၏။

ယခုတော့ သူတို့အတွက် ထိုနေရာသည် သေနတ်ကျည်ဆန်များကြားမှ ပုန်းခိုပြေးလွှားရာ။

အပေါ်ဘက်စခန်းဆီမှ ပစ်ခတ်သံများ၊ အော်ဟစ်ဆဲဆိုသံများ ကြားနေရ၏။

“ဒေါ်လေးဟို . . . အနောက်ဘက်မှာ လဲကျန်ခဲ့တာ . . . နီနီတွေ့လိုက်တယ် . . . မမမိုးကြည်”

စခန်းအောက်ဘက် ချောင်းရိုးလေးရှိရာသို့ ပြေးနေသော မိုးကြည်မှာ နီနီရိန်စကားကြောင့် အနောက်သို့ လှည့်ကြည့်လိုက်၏။

လျှိုအဆင်းလမ်းတစ်နေရာတွင် လဲကျကျန်ရစ်‌သော ကိုယ်ဝန်ဆောင် မဟို။

“နီနီ . . . မမမိုးကြည်တစ်ယောက်တည်းတော့ မရဘူး . . . နီနီ ပါ ဝိုင်းကူမယ်မဟုတ်လား”

“ဟုတ်ကဲ့ . . . မမမိုးကြည်”

အပေါ်ဘက်ဆီက ရမ်းသန်းပစ်ခတ်သည့် ကျည်များကလည်း လျှိုအပေါ်တွင် ပလူပျံနေ၏။

မိုးကြည်က ချိုင်းထောက်တစ်ဖက်နှင့် မဟို ရှိရာသို့ ခပ်သွက်သွက်လျှောက်သွားသည်။ နီနီက အပြေးအလွှားနှင့် အရင်ရောက်နှင့်ခဲ့ပြီ။

“ဒေါ်ဒေါ် . . . ဒေါ်ဒေါ် . . . ဘာဖြစ်သွားသေးလဲ”

မိုးကြည်လည်း ရောက်လာပြီ။

“မဟို . . . သမီးတို့လာပြီ”

နီနီက တစ်ဖက်၊ မိုးကြည်က တစ်ဖက် မဟိုကို ဆွဲထူလိုက်ကြ၏။

“ဟေ့ . . . အောက်က အသံကြားရတယ် . . . ပစ်ကွာ . . . အကုန်ပစ်”

ခလရ (၂၅)မှ စစ်ကြောင်းမှူး ဗိုလ်မှူးဘစိန် ၏ အမိန့်ပေးလိုက်သံ။

လျှိုမြောင်အောက်ဘက်ဆီသို့ ကျည်ဆန်များ အတွဲလိုက် ဝဲပျံလာပြန်သည်။

မိုးကြည်၊ နီနီရိန် မြေကြီးတွင် ဝပ်နေလိုက်ကြရ၏။

မဟိုမှာ ကိုယ်ဝန်ဆောင်မို့ ရုတ်တရက်ဝပ်ချရန် ခက်ခဲနေသည်။

မဟိုက မြေကြီးပေါ်တွင် ဘေးတစောင်းအနေအထား လှဲချလိုက်၏။

“နီနီ . . . မိုးကြည် . . . သတိထားကြပါ”

ထိုအချိန်တွင် ကျည်ဆန်မိုးများကြားမှ ရိုင်ဖယ်သေနတ်ကို လွယ်လျက် သူတို့အနားပြေးလွှားလာနေသော ကြည်ကြည် ကို တွေ့လိုက်ရသည်။

“မေမေ . . . ဒေါ်လေးမဟို လဲကျနေတယ် . . . မေမေ”

နီနီရိန်လေးက စိုးရိမ်တကြီးဖြင့်အော်၏။

“ဟေ့ . . . ကျော်လှနဲ့ ဝက်ကြီး . . . မင်းတို့ အောက်ကို ဆင်းကြည့်ကြ”

အပေါ်ဘက်ဆီမှ အသံ။

“မိုးကြည်နဲ့ နီနီ . . . ချောင်းကျော်တဲ့အထိ . . . ပြေးကြတော့ . . . မဟိုကို ဒေါ်လေးကြည် ရအောင်ခေါ်လာခဲ့မယ် . . . သွား”

မိုးကြည်နှင့် နီနီက ထပြေးသည်။

“မဟို . . . အားတင်းထားပါ . . . လာ . . . ကျွန်မ ကျောပေါ်တက်”

ကြည်ကြည်က မြေကြီးတွင် ဒူးထောက်ပေးလိုက်သည်။

မဟိုက အားယူထပြီး ကြည်ကြည့်ပုခုံးကို ကိုင်ကာ ကျောပေါ်ခွလိုက်၏။

“သေချာကိုင်ထားနော် . . . မဟို”

ကြည်ကြည်က ရိုင်ဖယ်သေနတ်ကိုတစ်ဖက်ကိုင်လျက် . . . မဟိုကို ကျောပေးကာ ကျည်ကွယ်ရာ ကျောက်တုံးကြီးဆီသို့ ပြေးသည်။

ပြေးနေရင်းနှင့် ကြည်ကြည်၏ ကျောကုန်းတစ်ခုလုံး ပူနွေးနွေးစေးကပ်ကပ်ဖြစ်လာ၏။

ကျောက်တုံးနောက်တွင် နီနီရိန်နှင့် မိုးကြည်။

“ဟာ . . . ပြေးနှင့်ကြပါဆို..ဒီမှာ ဘာလုပ်နေကြတာလဲ”

ကြည်ကြည်က မဟိုကို ချပေးလိုက်ရင်း ပြောလိုက်၏။

“ဟင် . . . ဒေါ်လေး . .‌ . မှာ သွေးတွေ..”

ထိုအခါမှ ကြည်ကြည်ရော မိုးကြည်ပါ . . . မဟိုကို ကြည့်လိုက်ကြသည်။

မဟို၏ ဝမ်းဗိုက်တွင် သွေးများ။ မဟို၏ မျက်နှာက ဖြူလျော့နေသည်။

“ကျွန်မဗိုက်ကို ကျည်ထိသွားတယ် . . . အ”

မဟို က ကြည်ကြည်၏ လက်ကို ဆုပ်ကိုင်လိုက်၏။

“မကြည်ကြည် . . . ကျွန်မ ကအရေးမကြီးဘူး . . . အထဲက ကလေး . . . ကလေး . . . သူအသက်ရှင်ဖို့လိုတယ် . . . သူ့ကို . . . သူ့ကို”

မဟိုက သူ့၏ ဖျင်ကြမ်းအင်္ကျီကို လှန်လိုက်၏။

ကျည်က ဗိုက်နှင့် ဆီးခုံကြားသို့ အလျားလိုက်ဖြတ်မှန်သွားသည်မို့ အပေါက်ဟောင်းလောင်း။ အတွင်းကလီစာများပင် မြင်နေရ၏။

“ကျွန်မ ကလေးကို နှိုက်ထုတ်ပေးပါ . . . မကြည်ကြည် . . . ကျွန်မကလေး . . . ကျွန်မကလေး”

ထိုအချိန်တွင် လျှိုအတွင်းသို့ စစ်သားများဆင်းလာသည့်အသံကြားရသည်။

ကြည်ကြည်က ရိုင်ဖယ်သေနတ်ကို ကောက်ကိုင်လိုက်ပြီး . . . ချိန်လိုက်၏။

“ဒိုင်း”

ရှေ့ဆုံးမှ ဆင်းလာသည့် စစ်သား နောက်သို့ လန်ကျသွားသည်။

နောက်မှပါလာသော စစ်သားမှာ မည်သည့်အရပ်ကလာသည့် ကျည်မှန်းမသိသဖြင့် သူ့လူကို ဆွဲကာ မြေကြီးတွင် ဝပ်လိုက်၏။ ထို့နောက် အပေါ်မှ သူ့လူများကို အော်ခေါ်နေသည်။

“မိုးကြည် . . . နင့်ခါးက ဓားကို ပေးပါ . . . ပေး”

မဟိုက မိုးကြည်ထံမှ ဓားကို တောင်းသည်။

“ဘာလုပ်မလို့လဲ . . . မဟို”

“ငါ့ကလေးကို ငါ့ဗိုက်ထဲက ခွဲထုတ်ပြီး ကယ်ပေးပါ . . . လုပ်ပါ . . . ငါက သေတော့မှာ”

မိုးကြည်က ဓားကို ဆွဲထုတ်လိုက်သော်လည်း လက်က တုန်ရီနေသည်။

“လုပ်ပါ . . . မိုးကြည် . . . ကလေးက အရေးကြီးတယ်”

နီနီရိန်မှာမူ စကားလုံးဝမပြောတော့။ သူ့ရှေ့မှ သွေးသံရဲရဲမြင်ကွင်းကို ကြောင်ကြည့်နေသည်။

“သမီး . . . သမီး မလုပ်ရဲဘူး”

“ . . . မကြည်ကြည် . . . ကျွန်မကလေးကို ကယ်ပါ”

ကြည်ကြည် က ဝေဒနာခံစားနေရသည့် မဟိုကို ကြည့်လိုက်သည်။

“မိုးကြည် . . . မဟိုကို ကူပေးလိုက်ပါ . . . သမီး . . . ဒေါ်လေး . . . ဒီမှာ ဟိုကောင်တွေကို ကာပစ်ရဦးမယ်”

“ဒိုင်း”

ထိုအချိန်တွင် တစ်ဖက်မှ ပစ်လိုက်သော ကျည်က ကျောက်တုံးနံရံကို လာထိမှန်သည်။

ကြည်ကြည်ကလည်း ရိုင်ဖယ်ဖြင့် ပြန်ပစ်၏။

မိုးကြည်က လက်တုန်တုန်ရင်ရင်ဖြင့် မဟို အနားကပ်သွားသည်။

“မိုးကြည် . . . ကျည်ကို မဖြုန်းဘဲ တစ်တောင့်ချင်းပစ်ထားရော့ . . . ငါလုပ်မယ်”

ကြည်ကြည်က မိုးကြည် လက်ထဲသို့ ရိုင်ဖယ်သေနတ်ကို ထည့်လိုက်၏။

ထို့နောက် မဟိုဘေးနားတွင် ထိုင်ချလိုက်သည်။

“ကလေးကို ကျွန်မကယ်ပေးမယ် . . . မဟို . . . စိတ်မပူနဲ့”

ကြည်ကြည်က မဟို၏ ဒဏ်ရာကို ကြည့်လိုက်ရာ ဗိုက်ပူပူအောက်မှ အတွင်းဘက် သားအိမ်နေရာကိုပင် လှမ်းမြင်နေရသည်။

အမေရိကန်တွင်ရှိစဉ်က စစ်မြေပြင်တွင် အမျိုးသမီးများအား အရေးပေါ်ခွဲစိတ်ကလေးမွေးခြင်း (Cesarean Section) ကို သဘောတရားမျှသင်ကြားရဖူးသော ကြည်ကြည်က သင်ခန်းစာကို ပြန်စဉ်းစားရင်း ဆုံးဖြတ်ချက်ချလိုက်၏။

မဟိုမှာမူ သွေးထွက်လွန်မှုကြောင့် မျက်နှာများပင် ဖြူလျော်နေပြီဖြစ်သည်။

“ဒေါ်လေးကြည်..သူတို့ဘက်က လူတွေထပ်ဆင်းလာနေပြီ”

မိုးကြည်၏ အော်သံ။

ကြည်ကြည်က ဓားကို . . . မဟို၏ ဗိုက်တွင်းဆီသို့။

မဟိုက နာကျင်လွန်းသဖြင့် သူ၏ လက်ဖျံကို သူပြန်ကိုက်ထားလိုက်သည်။

……………………………………………

“ကလေး.ငါ့ . . . ကလေးလေး”

မဟို မျက်လုံးများပြန်ပွင့်လာပြီး.လေသံသဲ့သဲ့ဖြင့်..မေးလိုက်သည်။

ကံဆိုးစွာဖြင့် ဗိုက်ထဲက ကလေးသည်လည်း အသက်မရှင်ခဲ့။

မဟို လည်း ငြိမ်သက်သွားချေပြီ။

ကြည်ကြည်မှာ သွေးများလူးနေသော လက်နှစ်ဖက်ဖြင့် မဟိုနှင့် လူလောကသို့ မရောက်ရရှာသူ သန္ဓေသားလေးကို ကြောင်ကြည့်နေသည်။

သေနတ်သံများ ပိုညံလာ၏။

“ဒေါ်လေးကြည် . . . လုပ်ပါဦး . . . သူတို့လူတွေပိုများလာပြီ”

ထိုအခါမှ ကြည်ကြည် သတိဝင်လာ၏။

နီနီရိန်လေးမှာလည်း မျက်လုံးပြူးကြောင်ကြောင်ဖြင့် တုန်ရီနေပေပြီ။

“မိုးကြည် . . . အဲ့ဒီရိုင်ဖယ်ကိုချပြီး . . . ပြေးတော့ . . . ချောင်းကို ဖြတ်လိုက်ရင် သံခွချောင်းဖျားစခန်းဟောင်းတွေ့လိုက်မယ် . . . အဲ့ဒီ စခန်းကနေ အောက်ကို ‌ရောက်ရင် ရွာစပ်ရောက်ပြီ . . . အဲဒီထိရောက်အောင်ပြေးကြ”

မိုးကြည်က ချိုင်းထောက်ကို အားယူကာ ထလိုက်သည်။

“နီနီ . . . မမနဲ့လိုက်ခဲ့”

“မိုးကြည်”

“ရှင်”

“ဘာပဲဖြစ်ဖြစ် . . . နီနီရိန်လေးကို စောင့်ရှောက်ပေးပါ . . . ဒေါ်လေးကြည် မိုးကြည်ကို စိတ်ချမယ်”

မိုးကြည်က ခေါင်းညိတ်ပြပြီး နီနီရိန်နှင့်အတူ ချောင်းရှိရာ သို့ ဦးတည်သွားသည်။

ကြည်ကြည်က ဘောင်းဘီအိတ်ထဲမှ ၃၆ ခွင်းဗုံး ကို ထုတ်လိုက်၏။

စစ်သားများသည် လျှိုဆင်းလမ်းကိုတွေ့ရှိသွားကြပြီး ဆင်းလာကြပြီဖြစ်သည်။

ကြည်ကြည်က လက်ပစ်ဗုံး စနက်တန်ကို ဖြုတ်ကာ အားဖြင့် လှမ်းပစ်လိုက်၏။

“ဝုန်း”

မထင်မှန်ထားသော ပစ်ခတ်မှုကြောင့် ရှေ့ဆုံးပွိုင့်မှ စစ်သားသုံးဦး မြောက်တက်သွားသည်။

ကြည်ကြည်က ကျောက်တုံးအကွယ်ကိုယူကာ ရိုင်ဖယ်ကျည်ကပ်ထဲသို့ သူ့အိတ်ကပ်ထဲမှ ကျန်သမျှ ကျည်အားလုံးဖြည့်လိုက်သည်။

“ဒိုင်း..ဒိုင်း..ဒိုင်း”

သေနတ်သံများ ဆူညံနေသည်။

လူအင်အားများသည်ဟု ထင်စေရန် ကြည်ကြည်က ကျောက်တုံးကို ကွယ်လျက် ဟိုဘက်ဒီဘက် နေရာ ပြောင်း‌ရွှေ့ပြီး ပစ်သည်။

သို့သော်စခန်းပေါ်မှ စစ်သားများ ထပ်ဆင်းလာနေသဖြင့် လူအင်အားက များပြီးရင်း များနေ၏။

ကြည်ကြည်၏ ပစ်ချက်ကြောင့် စစ်သားခြောက်ယောက်ခန့်ကျသွားပေပြီ။

“စက်ကလေးလာပြီဟေ့”

အပေါ်မှ ဆင်းလာသော စက်ကလေးသမားက ကျည်ထွက်ရာကျောက်တုံးကြီးဆီသို့ ဦးတည်ပစ်ခတ်သည်။

ကြည်ကြည့်တွင်လည်း ကျည်ဆန်မရှိတော့။

စက်ကလေးသံငြိမ်သွားချိန်တွင် တတောလုံး တိတ်ဆိတ်သွား၏။

ယမ်းငွေ့များက ပတ်ဝန်းကျင်အနှံ့မွှန်ထူလျက်။

ကျောက်တုံးကြီး၏နောက် သွေးအိုင်ထဲတွင် လဲနေသော မဟို၏ အလောင်း။

မဟို ဘေး လဲလျောင်းနေသော ကြည်ကြည်။

သူမ၏ ပုခုံးတစ်ဖက်နှင့် ခြေသလုံးရှိ သေနတ်ဒဏ်ရာများတွင် သွေးများရွှဲနစ်လျက်။

ခက်ဇော်

အခန်း ၁၈ ကိုဆက်လက်ဖတ်ရှုရန် >>>