အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းသည် လိဂ်ဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွင် အက်ဖ်စီဒဲလ်လပ်စ်အသင်းကို နောက်ကလိုက်ကစား၍ ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
မက်ဆီ ဦးဆောင်သော အင်တာမီယာမီအသင်းသည် ပွဲအစ ၆ မိနစ်တွင် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အက်ဖ်စီဒဲလ်လပ်စ် သွင်းယူသောဂိုးများကို ခွင့်ပြုခဲ့ရကာ နောက်က လိုက်ကစားရသည့်ဘဝသို့ ဆိုက်ရောက်သွားခဲ့ရသည်။
အင်တာမီယာမီနှင့် အက်ဖ်စီဒဲလ်လပ်စ်တို့သည် သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန်တွင် လေးဂိုးစီ သရေဖြစ်နေခဲ့ပြီး အင်တာမီယာမီအတွက် ယင်းဂိုးများကို မက်ဆီ(၆ မိနစ်နှင့် ၈၅ မိနစ်)၊ ခရီမတ်စ်ချီ(၆၅ မိနစ်)နှင့် အက်ဖ်စီဒဲလ်လပ်စ်ကစားသမား ဖာဖန်(မိနစ် ၈၀ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိ)တို့က သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။






အက်ဖ်စီဒဲလ်လပ်စ် ရရှိခဲ့သောဂိုးများကိုမူ ကွစ်ဂ်နွန်(၃၇ မိနစ်)၊ ကာမန်ဂို(၄၅ မိနစ်)၊ ဗီလတ်စ်ကို(၆၃ မိနစ်)နှင့် ရောဘတ်တေလာ(၆၈ မိနစ် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိ)တို့က သွင်းယူပေးခဲ့ကြခြင်းဖြစ်ကာ နောက်တစ်ဆင့်တက်ရောက်ရေးအတွက် ပင်နယ်တီအဆုံးအဖြတ် ခံယူရာတွင် အင်တာမီယာမီက ငါးဂိုး သုံးဂိုးဖြင့် အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။
အင်တာမီယာမီသည် လက်ရှိအချိန်တွင် လိဂ်ဖလား ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ဩဂုတ်လ ၁၁ ရက်နေ့တွင် ယင်းပွဲစဉ်ကို အင်တာမီယာမီက ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အင်တာမီယာမီသည် မက်ဆီ စတင် ပါဝင်ကစားခဲ့သော လိဂ်ဖလားပွဲစဉ်ကစတင်၍ လိဂ်ဖလားပွဲစဉ် ၄ ပွဲဆက် အနိုင်ရခဲ့ပြီး ယင်းပွဲစဉ်အားလုံးတွင် မက်ဆီက အသင်းအတွက် အရေးပါသောဂိုးများ သွင်းယူမှုနှင့် ဂိုးဖန်တီးမှုများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။