BREAKING
December 28, 2024

ဟွန်ဆန်၏ မွေးနေ့ပွဲသို့ သက်ဆင်နှင့် ယင်းလပ်တက်ရောက်

August 7, 2023

ရာထူးမှ နုတ်ထွက်တော့မည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မွေးနေ့ပွဲ သို့ ထိုင်းဝန်ကြီးချုပ်ဟောင်းများ ဖြစ်သည့် သက်ဆင် နှင့် ယင်းလပ်ရှင်နာဝပ်ထရာ မောင်နှမ နှစ်ဦး တက်ရောက်ခဲ့ကြောင်း ဩဂုတ် ၆ရက်နေ့မှာ ထွက်ပေါ်လာသည့် ဗီဒီယိုအရ သိရသည်။

နှစ်ပေါင်းများစွာ ပြည်ပထွက်ခွာနေထိုင်ခဲ့သည့် သက်ဆင်သည် ကမ္ဘောဒီးယားနိုင်ငံ ၊ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် ဟွန်ဆန်၏ မွေးနေ့ပွဲကို တက်ရောက်ခဲ့ကြောင်း ပုံရိပ်ထွက်ပေါ်လာခြင်း ဖြစ်သည်။

သက်ဆင်၏ ကမ္ဘောဒီးယားသို့ ရောက်ရှိနေမှုသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် နိုင်ငံရေးအရ အကဲဆတ်သည့်အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး မေလက အထွေထွေရွေးကောက်ပွဲအပြီး သက်ဆင်နှင့် ပတ်သက်သည့် ပါတီများအနက်မှ နောက်ဆုံးပါတီဖြစ်သည့် ဖွေထိုင်းက ဝန်ကြီးချုပ်တင်မြှောက်နိုင်ရန် လွှတ်တော်တွင်း ထောက်ခံမှု လုံလောက်စွာရရှိရေး ကြိုးပမ်းနေချိန်ဖြစ်သည်။

သက်ဆင်သည် ယခင်က Twitter ဟုလူသိများသော လူမှုမီဒီယာ X ပေါ်တွင် လာမည့် ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသို့ ပြန်သွားရန် စီစဉ်ထားကာ “သီတင်းပတ်နှစ်ပတ်ထက် မပိုသော” ခရီး ဟု ဆရာဝန်ပြန်ပြရမည့် ရက်ချိန်းကို ကိုးကား၍ ဩဂုတ် ၅ ရက်နေ့တွင် ရေးသားးခဲ့သည်။

မကြာသေးမီက ထိုင်းရွေးကောက်ပွဲတွင် ဖွေထိုင်းပါတီ ကိုယ်စားပြုကာ ဝန်ကြီးချုပ်အဖြစ် မဲဆွယ်စည်းရုံးခဲ့သည့် သက်ဆင်၏ သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်ထရာက ဖခင်ဖြစ်သူသည် သြဂုတ် ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း လွန်ခဲ့သော နှစ်ပတ်နီးပါးက ထုတ်ပြန်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးနှင့်ပတ်သက်၍ သက်ဆင် သည် ဩဂုတ် ၅ရက်နေ့က ရေးသားမှုတွင် ထည့်သွင်းဖော်ပြခြင်း မပြုခဲ့ပေ။ သို့သော် ဟွန်ဆန်၏ တရားဝင် TikTok အကောင့်တွင် တင်ထားသည့် ဗီဒီယိုတွင် မြို့တော်၏အစွန်အဖျား ရှိ နေအိမ်တွင် ကျင်းပခဲ့သည့် ဟွန်ဆန် ၏ မွေးနေ့ပွဲတွင် မိသားစုဝင်များ အပြင် သက်ဆင်သည် ဟွန်ဆန်ဘေးတွင် ရပ်နေသည်ကို တွေ့ရသည်။ ထို့အပြင် သက်ဆင်၏ ညီမ ဖြစ်သူ ယင်လပ် ကိုလည်း အဆိုပါ ဗီဒီယိုတွင် တွေ့ရသည်။

အာရှ၏ သက်တမ်းအရှည်ဆုံးခေါင်းဆောင် ဟွန်ဆန်သည် ဩဂုတ် ၅ရက်နေ့တွင် အသက် ၇၁ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။

ဟွန်ဆန်သည် အဆိုပါ ပါတီမှ ဗီဒီယိုတစ်မိနစ်ကျော်ကို တင်ခဲ့ပြီး “ဒီနှစ်မှာ ကျွန်တော့် သားသမီး၊ မြေး၊ လူကြီးသူမတွေ ၊ ညီအကိုတွေနဲ့ ကျွန်တော့်မွေးနေ့ကို အိမ်မှာ စုဝေးခဲ့ကြပါတယ်။” ဟူ၍ ရေးသားခဲ့သည်။

သက်ဆင်နှင့် ဟွန်ဆန်တို့သည် ရင်းနှီးသော ဆက်ဆံရေးရှိကြပြီး အချင်းချင်း “ညီအကိုများ” ဟု ရှုမြင်ကြသည်။ ၂၀၀၉ ခုနှစ်တွင် ဟွန်ဆန်သည် သက်ဆင်အား ကမ္ဘောဒီးယားအစိုးရ အကြံပေးအဖြစ် ခန့်အပ်ခဲ့သော်လည်း လက်ခံပြီး မကြာမီ သက်ဆင်သည် အဆိုပါ ရာထူးမှ နုတ်ထွက်ခဲ့သည်။

Reference ● Associated Press ● Thai PBS World