BREAKING
March 20, 2025

ထားဝယ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ်နှစ်သောင်းစျေးတက်

August 7, 2022

ထားဝယ်တွင် ဇူလိုင်လ ၁၅ ရက်နေ့ မှ ဩဂုတ်လ ၅ ရက်နေ့အထိ ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းများကို နှိုင်းယှဉ်ချက်အရ ဆန်တစ်အိတ် ကျပ်နှစ်သောင်းအထိ ဈေးတက်သွားပြီး ကုန်ခြောက်အချို့လည်း စျေးတက်သည်ကိုတွေ့ရသည်။

ဇူလိုင် ၁၅ ရက်နေ့ ထားဝယ်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း အိတ်ကြီး(၂၄ ပြည်) တစ်အိတ်ကို ၇၂၀၀၀ ကျပ်မှ ဩဂုတ် ၅ ရက်နေ့တွင် ၉၂၀၀၀ ခန့်အထိ ငွေကျပ်နှစ်သောင်းခန့် ဈေးတက်သွားခြင်းဖြစ်သည်။

ပေါ်ဆန်း အကယ်ဒီမီ အစိမ်း အိတ်ကြီးတစ်အိတ်၏ ဈေးနှုန်းမှာ ၆၀၀၀၀ကျပ် မှ ၇၆၅၀၀ ကျပ်အထိ ၁၆၀၀၀ ကျော်အထိဈေးတက်လာပြီး အကယ်ဒမီဆန်ကြမ်း တစ်အိတ်လျှင် ၃၉၀၀၀ ကျပ်မှ ၄၄၅၀၀ အထိ ၅၅၀၀ ကျပ်ခန့် ဈေးတက်လာသည်ကို တွေ့ရသည်။

“ဆန်တစ်အိတ်ကို တစ်သိန်းနား ရောက်နေပြီ မကြားဘူးတဲ့ဈေးနှုန်းတွေ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ထားဝယ်ဆန်ဈေးကွက်တွင် ထားဝယ်ဆန်အပါဝင် ရန်ကုန်မြို့မှတစ်ဆင့်မှာယူရောင်းချ သောဆန်များမှာ အမျိုးအစားလိုက်၍ ထောင်ဂဏန်းမှသည်သောင်းဂဏန်းအထိ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

“ဆန်ဈေးတက်တာကတော့ ရန်ကုန် ကဈေးတက်လို့ပေါ်နော် ဥပမာ စပါးဈေးတက်ရင်လည်း ဆန်ဈေးတက်တယ် “ဟု ထားဝယ်မြို့ပေါ်ရှိ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဆန်ဈေးတက်သော်လည်း ငါးနှင့်ပုဇွန်ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရပြီး ငါးဒွန်းခြင်း တစ်ပိဿာ ကို ဇူလိုင်‌ ၁၅ ရက်ဈေးနှုန်းမှာ ၄၀၀၀ ကျပ်မှ ‌၆၀၀၀ ကျပ်အထိရှိနေပြီး ဩဂုတ် ၅ ရက်နေ့ဈေးမှာ ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ အမျိုးစားအလိုက် တစ်ပိဿာကို ၁၀၀၀ ကျပ်ခန့်ဈေးကျလာသည်ကိုတွေရသည်။

ယင်းအပြင် ပုဇွန်ဈေးဈေးနှုန်းမှာလည်း တစ်ပိဿာ ၁၈၀၀၀ ကျပ်မှ ၁၂၀၀၀ ခန့်အထိ စျေးကျသွားသဖြင့် ၆၀၀၀ ကျပ်ဈေးကျလာတာတွေ့ရသည်။

“ထားဝယ်ဈေးကွက်အနေထားရ ငါးပေါရင် ဈေးကျတယ် ငါးရှားရင်ဈေးတက်တာပဲ ဒါပေမဲ့ နယ်စပ် ကနေတင်ပို့သူတွေရဲ့ ဈေးကွက်လိုအပ်ချက်အရ လာဝယ်တဲ့ ငါးအမျိုးစားတွေကတော့ စားသုံးသူဈေးကွက်မှာ နဲနဲလှုပ်တာပေါ့”ဟု ထားဝယ် ငါးအဝယ်ဒိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

ကုန်ခြောက်များဖြစ်သည့် ကြက်သွန်နီတစ်ပိဿာမှာကျပ် ၂၀၀၀ မှာ ၂၅၀၀ ကျပ်အထိလည်းကောင်း ငရုတ်ခြောက်(ရွေအပ်)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်အထိလည်းကောင်း ဈေးတက်သွားကာ ငရုတ်ပုခြောက် တစ်ပိဿာကို ၁၄၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်အထိဈေးတက်သွားသည်။

ယင်းအပြင် ပဲဆီ(ဇွဲတံဆိပ်) တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်အထိ ၅၀၀၀ ကျပ် ဈေးတက်သွားပြီး စားအုန်းဆီ ၁၀ ပိဿာ(ပုံးဝါ)တစ်ပုံးလျှင် ကျပ် ၇၅၀၀၀ မှ ၈၀၀၀၀ ကျပ်အထိ ဈေးတက်သွားသည်။