မြိတ်မြို့ရှိ စားသောက်ကုန်ဈေးကွက်တွင် ကြက်သွန်ဖြူဈေးတစ်ပိဿာလျှင် ကျပ်တစ်သောင်းအထိ မြင့်တက်လာနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်က ကြက်သွန်ဖြူ ထူး (၅) အမျိုးအစား တစ်ပိဿာလျှင် ၇၀၀၀ ကျပ်သာရှိခဲ့ပြီး ဇွန်လအကုန်တွင် ၉၀၀၀ ကျပ်နှုန်းဖြစ်လာကြောင်း ယင်းဈေးကွက်မှ စုံစမ်းသိရသည်။
ယင်းနောက် ဇူလိုင်လအစမှ ဇူလိုင်လ ၆ ရက်နေ့အထိ တစ်ပိဿာလျှင် တစ်သောင်းကျပ်အထိ ဖြစ်လာကြောင်း ကုန်စုံအရောင်းဆိုင်ရှင်တစ်ဦးက ပြောပြသည်။
“အိတ်ဆွဲဈေးက ကိုးထောင်ဆိုတော့ ပိဿာလိုက်ပြန်ရောင်းရင် တစ်သောင်းပါ။ တချို့ဆို တစ်သောင်းကျော်အထိ ရောင်းနေတာလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။
ပိဿာ နှစ်ဆယ်၊ သုံးဆယ် စသဖြင့် အိတ်ဆွဲဈေးနှုန်း တစ်ပိဿာလျှင် ကိုးထောင်ကျပ်ဖြစ်ပြီး တစ်ဆယ်သား၊ တစ်ပိဿာ စသဖြင့် ပြန်လည်ရောင်းချသည့်ဈေးသည် တစ်သောင်းကျပ်နှုန်း ဖြစ်သည်။
“ဆန်ဝယ်ရင်း အကြွေနှစ်ရာ့ငါးဆယ် အမ်းဖို့မရှိလို့ ကြက်သွန်ဖြူယူလိုက်တာ အလုံးကြီး တစ်လုံးပဲရတယ်။ ကုန်ဈေးနှုန်းတွေ တက်နေတာကတော့ ပြောတောင် မပြောချင်တော့ပါဘူး” ဟု ကလွင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ကြက်သွန်ဖြူ ထူး (၄) အမျိုးအစား တစ်ပိဿာလျှင် ရှစ်ထောင်ငါးရာကျပ်မှ ကိုးထောင်ကျပ်အထိ ရောင်းချနေကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဇွန်လအတွင်းက မြန်မာနိုင်ငံက ကြက်သွန်ဖြူများကို ထိုင်းနှင့် တောင်ကိုရီးယားနိုင်ငံများသို့ တင်ပို့နေသဖြင့် ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ဆိပ်ငယ်ရပ်ရှိ ကုန်စုံအရောင်းဆိုင်ရှင် တစ်ဦးက ပြောပြသည်။
“ကြက်သွန်နီနဲ့ ငရုတ်သီးခြောက်က တင်ပို့နေကျပဲ။ ကြက်သွန်ဖြူလည်းပို့တော့ ဈေးတက်သွားတဲ့သဘောပဲ” ဟု ၎င်းက ပြောသည်။
ရန်ကုန်နှင့် မန္တလေးဈေးကွက်တို့တွင် ဇူလိုင်လ ၁ ရက်မှ ၆ ရက်အထိ ကြက်သွန်ဖြူအိတ်ဆွဲဈေး တစ်ပိဿာလျှင် အမျိုးအစားအပေါ်မူတည်ပြီး အနည်းဆုံး ခြောက်ထောင်ကျပ်မှ အများဆုံး ရှစ်ထောင်ကျပ်အထိ ဈေးပေါက်နေ ကြောင်း ယင်းဈေးကွက်တို့နှင့်နီးစပ်သူ မြိတ်မြို့ရှိ ကြက်သွန်နီ/ဖြူ အရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
အဆိုပါ ဈေးကွက်တို့မှတစ်ဆင့် မှာယူပြီး မြိတ်ဒေသအတွင်း ပြန်လည်ရောင်းချနေကြခြင်း ဖြစ်သည်။
“ဈေးတက်သွားပေမယ့် ပစ္စည်းက မပြတ်သွားပါဘူး။ မှာသလောက် ရနေတုန်းပါပဲ” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်အား အခြားဒေသနည်းတူ ကြုံတွေ့နေရဆဲဖြစ်သည်။